ဝိုင်းမော်မြို့နယ်တွင်းမှာလည်း စစ်ကောင်စီတပ်က စစ်ရေးသွေးတိုးစမ်း လှုပ်ရှားမှုတွေရှိနေတယ်လို့ပြော
–
KIA သိမ်းယူထားတဲ့ ဝိုင်းမော်မြို့နယ်တွင်းက အချို့နေရာတွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားနေတာကြောင့် စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရှိရပါတယ်။
ဝိုင်းမော်မြို့နယ်တွင်းက ရှေ့တန်းစစ်မြေပြင်နေရာတွေဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“တိုက်ပွဲက ခဏခဏဖြစ်တယ်။ နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါ ဖြစ်တယ်။ မြစ်ဘက်မှာ ရောက်နေတဲ့ ကောင်တွေက တက်လို့ရမလားဆိုပြီး စမ်းနေတာ။”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ နေ့စဉ်နေ့တိုင်းလိုလို ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ဖို့ရန် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုဖြစ်တဲ့ ခလရ (၅၈) တပ်ရင်း အနီးတဝိုက်နေရာတွေမှာလည်း ထိတွေ့တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရင် မြစ်ကြီးနားမြို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးတယ်လို့ သိရပါတယ်။
အလားတူပဲ မြစ်ကြီးနားမြို့အထွက် အကျဲကျေးရွာတဝိုက်မှာလည်း ဩဂုတ်လ နှောင်းပိုင်းနဲ့ စက်တင်ဘာလဆန်းအတွင်း စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။