စစ်ကောင်စီသင်္ဘောနဲ့ ဝေဟင်ပေါ်ကနေ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲချမှုကြောင့် အရပ်သားနေအိမ်တွေပျက်စီးသလို ဘုန်းတော်ကြီးကျောင်းလည်း မီးလောင်
–
ကချင်ပြည်နယ်ကနေ ဧရာဝတီဖြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘော (၅) စီးဟာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ထီးချိုင့်နယ်သို့ ဆိုက်ကပ်လာပြီး ညအိပ်ရပ်နားနေကြောင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီ သင်္ဘောတွေဟာ ကချင်ပြည်နယ် ရွှေကူမြို့ကနေ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီမှာ မြစ်ကြောင်းအတိုင်း စတင် စုန်ဆင်းလာခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်၊၊
စစ်ကိုင်းတိုင်း ကသာနယ်ထဲအရောက်မှာတော့ ကျေးရွာတွေဘက်ကို စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး လုံခြုံရေးလိုက်ပါလာတဲ့ Y-12 ထောက်ပို့လေယာဥ်နဲ့ ဗုံးကြဲလို့ မြစ်ကမ်းဘေး ကျေးရွာတစ်လျှောက်က နေအိမ်တွေ ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“သူတို့ (စကစသင်္ဘော) ဆင်းလာမယ်ဆိုတော့ မြစ်ဘေးရွာတွေ အကုန်ရှောင်နေကြတော့ လူအထိခိုက်တော့ သိပ်မရှိဘူး၊၊ အမျိုးသမီးတစ်ဦးပဲ ထိခိုက်ခဲ့တယ်။ ကျန်တာတော့ အိမ်တွေပျက်စီးတာပေါ့၊၊”လို့ ပြောပါတယ်၊၊
စက်တင်ဘာလ ၂၂ ရက်နေ့မှာ စစ်သင်္ဘောတွေကို လုံခြုံရေးယူလိုက်ပါလာတဲ့ Y-12 ထောက်ပို့ဗုံးကြဲလေယာဉ်ပေါ်ကနေ ကသာမြို့နယ်ထဲက ချောင်းဝ၊ နှော၊ ဆင်ကုန်တိုင်၊ ဆိပ်သာ၊ မိုးတားလေး စတဲ့ ရွာဘက်တွေကို ဗုံးသီးအလုံး (၄၀) ကျော် ကြဲချခဲ့ပြီး မိုးတားလေးရွာ လက်ပံရပ်က ဒေါ်ပြုံးရီနေအိမ်သို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်ပျက်စီးခဲ့ရကြောင်း ဒေသခံက ပြောပါတယ်၊၊
ဒါ့ပြင် စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာလည်း စစ်သင်္ဘောတွေ စုန်ဆင်းနေစဉ် မြစ်ကမ်းဘေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေယာဉ်နဲ့ လည်း ဗုံးတွေကြဲချခဲ့လို့ ကသာမြို့နယ်ထဲက ကျေးရွာ (၅) ရွာမှ နေအိမ် (၈) အိမ်၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံကပဲ ပြောပါတယ်။
“စကစ ရဲ့ ဝေဟင်နဲ့ ရေယာဉ်ပေါ်များကနေ ရမ်းသမ်းပစ်ခတ်မှုနဲ့ ဗုံးကြဲခြင်းကြောင့် ကသာမြို့နယ် သစ်ဖြူကုန်းရွာက အိမ်ခြေ (၅) အိမ်ပျက်စီး၊ ပုလွေရွှေရွာ – ထိခိုက်ပျက်စီးအိမ် (၁) အိမ် မီးလောင်ပြာကျ၊ တစ်အိမ်ပျက်စီးခဲ့တယ်၊၊ ဗောဓိကုန်းရွာ (၁) အိမ် ထိခိုက်ပျက်စီးတယ်။ မိုးတားလေးကျေးရွာ တောင်ပေါ်ဘုန်းကြီးကျောင်း မီးလောင်ပြာကျတယ်။ သဖန်းဒေါင့်ကျေးရွာအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်၊၊”လို့ ပြောပါတယ်၊၊
ဒါ့အပြင် ကသာမှ ဆက်လက်စုန်ဆင်းသွားတဲ့ သင်္ဘောပေါ်သို့ ရေလယ်ကျွန်းက စစ်ရှောင်ရေလုပ်သားပြည်သူ (၆) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသတင်းရင်းမြစ်က ပြောပါတယ်။
“ဖမ်းခေါ်သွားတာက မနေ့ကည (စက်တင်ဘာ) ၂၃ ရက်ညက (၅) ယောက် ဖမ်းတာပေါ့။ (၂) ယောက်က ထွက်ပြေးသွားလို့ လွတ်သွားတယ်။ အဲ့ဒီမှာ နောက်မနက်တော့ ၃ ယောက်ကို ထပ်ဖမ်းတယ်ပေါ့၊ စုစုပေါင်း ၆ ယောက် အခုထိတော့ မလွတ်သေးဘူး။ အကုန်လုံးက စစ်ရှောင်တွေပဲ”လို့ ပြောပါတယ်၊၊
စစ်ကောင်စီ သင်္ဘောတွေဟာ ဒီကနေ့ ညနေ ၅ နာရီလောက်မှာ ထီးချိုင့်မြို့နယ် ထီးချိုင့်တံတားအောက် ရောက်ရှိလာပြီး လုံခြုံရေးလိုက်ပါလာတဲ့ Y-12 ပျံဝဲကာ မြတောင်ဘက်မှာ ဗုန်းသီးတွေချခဲ့ပြီး အခုညပိုင်းမှာတော့ ထီးချိုင့်မှာပဲ ညအိပ်ရပ်နားနေတယ်လို့ သိရပါတယ်၊၊