ရဲစခန်းသိမ်းခံရတဲ့ ဖားကန့်ဆိုင်းတောင်မှာ စကစ လေယာဉ်ဗုံးကြဲပြီး မီးလောင်နေ
–
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပြုလုပ်နေပြီး လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြောင့် ဆိုင်းတောင်နဲ့ ဖားပြင်ရွာမှာ မီးလောင်နေတယ်လို့ သိရပါတယ်။
ယနေ့မွန်းလွဲ ၁ နာရီကျော်ကနေစပြီး စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ရာ ဆိုင်းတောင် – ဖားပြင်တကြောက ဖားပြင်ကွက်သစ်ဈေးတန်း (ရပ်ကွက် ၄) မီးလောင်နေတယ်လို့ ဆိုင်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲလို့။ ဖားပြင်ဈေးဟောင်း တစ်လျှောက်လောင်တာပါ။ Gym ဆိုင်၊ ဆန်ဆိုင် အကုန်
ပါ”လို့ ပြောပါတယ်။
မီးလောင်နေတဲ့ နေရာဟာ KPDF တွေ ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ Lucky Man ဟိုတယ် အနီးပတ်ဝန်းကျင်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လေယာဉ်မလာခင် မနက်အစောပိုင်းကလည်း ဆိုင်းတောင်ကျေးရွာထဲမှာ တိုက်ပွဲတွင်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး မီးလောင်မှုတွေ ဖြစ်ပွါးနေတယ်လို့ ဆိုပါတယ်။
မနေ့ည ၁၀ နာရီလောက်ကတည်းက ဆိုင်းတောင်မှာတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတာဖြစ်ပြီး ဆိုင်းတောင်ရဲစခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ရဲကုန်းကသိမ်းလိုက်ပြီ တချို့ကောင်တွေ ခွေးပြေးဝက်ပြေး ပြေးနေကြပြီရော။ စစ်တပ်က ကောင်တွေက ခံပစ်နေတဲ့သူတွေလည်း ရှိတာပေါ့၊ အရပ်သား နေအိမ်တွေထဲဝင်ပြီး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ဖားပြင်နဲ့ကပ်လျက် မမုံကျေးရွာမှာ နေထိုင်တဲ့ ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကတည်းက ဆိုင်းတောင်ကျေးရွာအတွင်းမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတာပဲ ဖြစ်ပါတယ်။