ပြည်သူ့စစ်ဘုန်းကြီး ဝါသဝရဲ့ စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်က ပြည်သူများ နေအိမ်မီးရှို့ခံရပြီး စပါးမစိုက်နိုင်
–
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ့စစ်ဘုန်းကြီး ဝါသဝရဲ့စစ်ကြောင်းကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ စပါးမစိုက်ရပဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ခင်ဦးမြို့နယ် မဒေါင်းလှရွာပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအဆမတန် အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခဲ့ရပါတယ်။
တိုက်ပွဲအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က ၈ ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဝါသဝစစ်ကြောင်းဟာ စက်တင်ဘာ ၁ ရက်နေ့မှာပဲ ကန့်ဘလူမြို့နယ်ကနေ အင်အား (၁၇၀) နဲ့ စစ်ကူရောက်လာကာ ခင်ဦးမြို့နယ်က ကျေးရွာတွေကို ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုး ရောက်ရှိလာကာ နေအိမ်တွေကို မီးရှို့နေခဲ့တယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“အခုလက်ရှိ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခြင်းမရှိတော့ပဲ ကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ အကြောင်းမဲ့ မီးရှို့နေကြတယ်။ မဒေါင်းလှပျူစောထီးရွာကနေ ထွက်လာလိုက်၊ မီးရှို့လိုက်၊ ပြန်ဝင်သွားလိုက် လုပ်နေတယ်။”လို့ ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ကနေ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုနဲ့ ပျူစောထီးဘုန်းကြီး ဝါသဝဦးဆောင်တဲ့ စစ်ကြောင်းရဲ့ လိုက်လံမီးရှို့မှုကြောင့် ခင်ဦးမြို့နယ်က ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာ စတဲ့ ကျေးရွာ (၁၃) ရွာက အိမ်ခြေ (၄၀၀) ကျော်ဟာ မီးရှို့ဖျက်ဆီးခံထားရပြီး ကျေးရွာ (၂၀) လောက်က ပြည်သူ တစ်သောင်းကျော်လည်း ထွက်ပြေးနေရတာ တစ်လနီးပါးရှိလာပြီလို့လည်း ပြောပါတယ်။
“၁ လနီးပါးရှိပြီ ပြေးနေကြရတာ။ ပြီးခဲ့တဲ့လကလေကြောင်း အဆက်မပြတ်ပစ်လို့ စပြေးကြရတယ်။ အခု မြေပြင်စစ်ကြောင်းရန်ကြောင့် ထပ်တိမ်းနေကြရတယ်။”လို့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောပါတယ်။
စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ခင်ဦးမြို့နယ်က စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး (၁၀) ဦးကျော် ဒဏ်ရာရခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အခုလက်ရှိ စစ်ရှောင်တွေ လချီတိမ်းရှောင်နေကြရတဲ့အတွက် မိမိလယ်ယာတွေမှာ မိုးစပါးမစိုက်ပျိုးရပဲရှိနေပြီး စစ်ရှောင်တွေလည်း ပိုတိုးလာတဲ့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြတယ်လို့ပြော ပါတယ်။
“အခုချိန်က တောင်သူတွေ မိုးစပါးပြန်လည် စိုက်နေရတဲ့အချိန်ဖြစ်တော့ လေကြောင်းရန်နဲ့ မြေပြင်စစ်ကြောင်းရန်တို့ကြောင့် ပြီးခဲ့တဲ့လကတည်းက မစိုက်ပျိုးနိုင်တော့ပဲ ဘေးလွတ်ရာ ပြေးနေကြရတယ်။”လို့ ဆိုပါတယ်။
လက်ရှိမှာ ပျူစောထီးဘုန်းကြီးဖြစ်တဲ့ ဝါသဝစစ်ကြောင်းဟာ မဒေါင်းလှပျူစောထီးရွာရဲ့ တောင်ဘက်က သရက်ကန်ရွာမှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။