စစ်ကောင်စီက လေကြောင်းခံစစ်နဲ့ ဗန်းမော်မြို့ကို ကာကွယ်နေ
–
စစ်ကောင်စီတပ်က ဗန်းမော်မြို့အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
ဗန်းမော် – မိုးမောက်မြို့ ဆက်သွယ်ရေးလမ်းမပေါ်က ၆ မိုင်၊ ၇ မိုင် စတဲ့နေရာဝန်းကျင်နဲ့ ဗန်းမော် – မံစီကြားက ကောင်ဂျာယန်ကျေးရွာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းလုပ်နေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်ခွါလာသူတစ်ဦးက ဆိုပါတယ်။
“Y-12 တွေရော၊ ဂျက်တွေရောနဲ့ လာပစ်တာ။ တစ်
ကြိမ်လာပစ်ရင် သုံး၊ လေးကြိမ်လောက်တော့ ဝဲတယ်၊၊”
ပုံမှန်အားဖြင့် တစ်ရက်ကို သုံးကြိမ်၊ လေးကြိမ် လောက်လာပစ်တဲ့အပြင် လေယာဉ်ပေါ်ကနေ ဗုံးသီးချခြင်း၊ ဒုံးနဲ့ပစ်ခြင်း၊ စက်သေနတ်နဲ့ပစ်ခြင်းတွေပါ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံက ပြောပြပါတယ်။
မြို့တွင်း၊ မြို့ပြင်မှာ အထိုင်ချထားတဲ့လက်နက်ကြီး ပစ်ခတ်သံတွေလည်း တစ်ရက်ကို ခန့်မှန်းအကြိမ်ရေ ဆယ်ကြိမ်လောက် ကြားရတယ်လို့လည်း ဆိုပါတယ်။
“အခုနောက်ပိုင်း လက်နက်ကြီးပစ်သံတော့ သိပ်မကြားရတော့ဘူး။ တစ်ရက်ကို ဆယ်ချက်လောက်ပဲကြားရတော့တယ်။ အစောပိုင်းတုန်းကဆို တအားပစ်တာ။ တစ်နေ့ကို အချက်ရေရာချီတယ်၊၊”လို့ အဆိုပါဒေသခံကပဲ ပြောပါတယ်၊၊
KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိထားတဲ့ မိုးမောက် ခမရ (၄၃၇) နဲ့ မံစီ ကောင်ဂျာယန်စစ်စခန်းကို ပြန်ယူဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်၊၊
KIA ပူးပေါင်းအဖွဲ့ဟာ မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) ကို ဩဂုတ် ၁၉ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး မံစီမြို့စောင့်တပ် ၂ ခုကို လုံခြုံရေးယူပေးနေတဲ့ ကောင်ဂျာယန် စစ်စခန်းကိုတော့ ဩဂုတ် ၂၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။