လားရှိုးကိုလက်လွှတ်ပြီးနောက် ရမခ ယာယီရုံးစိုက်ထားတဲ့ မိုင်းရယ်မြို့မှာ စစ်ကောင်စီတပ် အင်အားတိုးချဲ့နေတယ်လို့ ပြော
–
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်တပ်မတော် (MNDAA) တွေ သိမ်းပိုက်ထားတဲ့ လားရှို့မြို့နဲ့ ၅၀ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ယာယီအခြေစိုက်ထားတဲ့ မိုင်းရယ်မြို့မှာ စစ်တပ်က အင်အားတိုးချဲ့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က မိုင်းရယ်မြို့ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တွေ ကားအစီး ၂၀ နဲ့ အင်အားဆုတ်သွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ အင်အားဖြည့်တင်းတာတွေ လုပ်လာတယ်လို့ မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မိုင်းရယ်မှာ SSPP အင်အားလျှော့သွားတယ်။ စစ်သားတွေတော့ အင်အားဖြည့်လာတယ်။ မြို့ထဲကိုတော့ မဝင်သေးဘူး။ မြို့ပြင်မှာချပြီးတော့ တောလမ်းကနေ ၃၂၅ တပ်ထဲကို ဝင်တာ။ စစ်ကားနဲ့ကတော့ နည်းနည်းပဲအယောင်ပြပြီး ခြေလျှင်ဝင်ကြတာ။”လို့ ပြောပါတယ်။
မိုင်းရယ်မြို့မှာရှိတဲ့ စစ်တပ်မိသားစုဝင်တွေကိုလည်း ကျိုင်းတုံမြို့ကို ပြောင်းရွေ့တာတွေ လုပ်နေကြတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ လားရှို့မြို့ကို ပြန်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် လားရှို့မြို့နဲ့ မိုင် (၅၀) အကွာမှာရှိတဲ့ မိုင်းရယ်မြို့မှာ စစ်အင်အားတွေ ဖြည့်တင်းလာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“အင်းအားကတော့ ဖြည့်နေတာပဲ။ ဒီနေ့လည်း မိုင်းရှူးက စကစ (၃၀၀) လောက်လာနေတယ် ပြောတယ်။ ထားဝယ်တပ်မလည်း ရောက်တယ်တဲ့။ ကော့ကရိတ်ဘက်က စကစ လည်း ရောက်တယ်လို့ ကြားနေတယ်။”လို့ မိုင်းရယ်မြို့ခံ အမျိုးသားက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ ည ၈ နာရီလောက်မှာလည်း မိုင်းရယ်အမြောက်တပ်ကနေ ကိုးကန့်တပ်တွေ တပ်စွဲထားတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ထုနေပြီး တိုက်ပွဲဖြစ်မှာကို မြို့ခံတွေက စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။