လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို MNDAA ဆက်ခံလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်
–
လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ဆက်ခံလိုက်ပြီဖြစ်ကြောင်း MNDAA စစ်ရေးကော်မတီက ယနေ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်သည်။
ဇူလိုင် ၂၅ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ထားသည့် အဆိုပါထုတ်ပြန်ချက်တွင် လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားကို ပြည်ထောင်စုမြန်မာနိုင်ငံ (ရှမ်းပြည်နယ်) အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီမှ လည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ (၁) ရဲတပ်ဖွဲ့မှ လည်းကောင်း၊ မြို့နယ်ကာကွယ်ရေးကို မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) အဖွဲ့မှ လည်းကောင်း တာဝန်ယူဆက်ခံလိုက်ကြောင်း ကြေညာထားသည်။
လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီကို တည်ထောင်ထားပြီး တိုက်ပွဲပြီးပါက မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် အစိုးရရုံးဝန်ထမ်းများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှာ မိမိတို့တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ကြောင်း ရေးသားထားသည်။
ထို့ပြင် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် MNDAA တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ရာထူးကိုအလွဲသုံးစားလုပ်ပြီး အရပ်သားများ၏ အကျိုးအမြတ်ကိုရယူခြင်းနှင့် စည်းစိမ်ဥစ္စာ လုယူခြင်းများ ဆောင်ရွက်ခဲ့ပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် လားရှိုးမြို့ စစ်ဆင်ရေးအမိန့်ကို တင်းကြပ်စွာလိုက်နာရမည် ဖြစ်ကြောင်းလည်း အမိန့်ပေးထားသည်။ MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် ချိုးဖောက်မှုများရှိပါက တိုင်တန်းမှုများ ပြုလုပ်နိုင်ကြောင်းလည်း ပါရှိသည်။
ထို့အပြင် လားရှိုးမြို့အတွင်းရှိ အွန်လိုင်းလိမ်လည်ရေး လုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် မငြိမ်မသက်ဖြစ်နေသည့် ကာလတွင် ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေသည့် သတင်းအချက်အလက်အတု ထုတ်လွှင့်ခြင်းနှင့် ဝါဒဖြန့်ခြင်းများပြုလုပ်ပါက အရေးယူသွားမည်ဟုလည်း ပါရှိသည်။
တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် နေအိမ်ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ရှမ်းပြည်နယ် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက အခြေအနေပေါ်မူတည်ပြီး တာဝန်ယူပံ့ပိုးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို ၂၃ ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်နိုင်သည်ဟု MNDAA က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယနေ့အထိ လားရှိုးမြို့တွင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရှိရသည်။