ကျေးလက်ဆေးခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဆရာမနဲ့ အရပ်သားလူနာ အပါအဝင် ၇ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးလက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ်ကလေးရဲ့ မိခင်ဆရာမတစ်ဦး၊ တော်လှန်ရေးရဲဘော် ၅ ဦးနဲ့ ဆေးလာကုတဲ့ ပြည်သူတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့အသံရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇူလိုင် (၁၀) ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ ဘုတလင်မြို့နယ် မုံရွာ – ရေဦး လမ်းပိုင်းပေါ်မှာရှိတဲ့ ထနောင်းကုန်းကျေးရွာအနီးက တော်လှန်ရေး စစ်ဆေးရေးဂိတ်ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းခဲ့ပြီး ၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ ဘုတလင် ပြည်သူ့အသံက တာဝန်ရှိသူက ပြောပါတယ်။
“၁၀ နာရီ ၂၀ လောက်မှာ ကင်းထောက်ဒရုန်းက စတင်ပျံသန်းလာတာပေါ့နော်၊ အဲ့ဒီ စစ်ဆေးရေးဂိတ်နားမှာ ပျံဝဲသွားတယ်။ ပြီးတော့ ဒရုန်းက ပြန်ခေါက်သွားတယ်။ ၁၁ နာရီလောက်ကျတော့ ဒရုန်းတစ်စီးနဲ့ လာကြဲတာ ရဲဘော် ၄ ယောက်လောက်က ဒဏ်ရာရသွားတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ဒဏ်ရာရတဲ့ ရဲဘော် ၄ ယောက်ကို ထနောင်းကုန်းရွာ ဆေးခန်းမှာ ဆေးကုသမှုပေးနေစဉ် ကင်းထောက်ဒရုန်းနဲ့ ပြန်လိုက်ကြည့်ပြီး ဒရုန်းနဲ့ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုနေတဲ့ ရဲဘော် ၅ ဦးသေဆုံးပြီး ဆရာမနဲ့ အရပ်သားလူနာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
“ရဲဘော်တွေကို ဆေးကုပေးနေတဲ့အချိန် ဖြစ်တာပေါ့။ ရဲဘော် ၅ ယောက်သေတယ်။ ဆေးကုပေးနေတဲ့ ဆရာမနဲ့ ဆေးကုလာတဲ့ ပြည်သူတစ်ယောက်၊ စုစုပေါင်း ၇ ယောက်သေသွားတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲချမှုကြောင့် ဆုံးသွားတဲ့ဆရာမရဲ့ ၂ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၀ ယောက်လောက်က ဒဏ်ရာရရှိခဲ့သေးတယ်လို့လည်း ပြောပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းကနေ စတင်ပြီး ၁၀ ရက်နေ့ မနက်ပိုင်းအထိ မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရပါတယ်။