NUG ပါဝင်နေတဲ့ ရှမ်းမန်းစစ်ဆင်ရေး ၁၅ ရက်အတွင်း မန္တလေးတိုင်းက စကစ စခန်း ၃၀ ကျော် သိမ်းပိုက်
9 July 2024 – Kachinwaves
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် ရှမ်းမန်းစစ်ဆင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စုဖွဲ့ထားတဲ့ ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျှက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရှမ်းမန်းစစ်ဆင်ရေးမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်း ၃၀ ကျော်ကို ၁၅ ရက်အချိန်တွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအပါအဝင် စစ်သုံ့ပန်း ၁၃၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တပ်ရင်းများမှာ ဗျူဟာ (၅၅) မှ ရွှေဘိုခရိုင် တပ်ရင်း (၇)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၀)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၆) တို့ဖြစ်ပြီး ဗျူဟာ (၅၅) မှ ရွှေဘိုခရိုင် တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၈)၊ ရွှေဘိုခရိုင် တပ်ရင်း (၂၃)၊ ရွှေဘိုခရိုင် တပ်ရင်း (၂၆)၊ ညောင်ဦးခရိုင် တပ်ရင်း (၃) တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မိုးကုတ်ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ နှင့် သက်ဆိုင်ရာ ပကဖ အဖွဲ့တို့ကလည်း တိုက်ခိုက်မှုမှာ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း အဓိက ဖော်ဆောင်နေတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။