နန့်စီးအောင်ဂိတ်၌ ဆီကားများကို ဖြတ်ခွင့်မပြုသည့်အတွက် ဆိုင်ကယ်များနှင့် ကဲ့ယူနေရ
4 July 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်းမှ ကချင်ပြည်ကို တင်သွင်းလာသည့် စက်သုံးဆီကားများအား ဖြတ်သန်းခွင့်မပြုသည့်အတွက် ပြည်သူများက ဆိုင်ကယ်များနှင့် ကဲ့ယူနေရကြောင်း ဆီသယ်နေသော ပြည်သူတစ်ဦးက ပြောသည်။
ဂိတ်၌ ဆီဘောက်ဆာကားများကို ဖြတ်သန်းခွင့်မပြုသဖြင့် ဆီပုံးထဲထည့်ပြီး ဆိုင်ကယ်နှင့် သယ်ယူနေကြရသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က မော်လူးထဲမှာ ပေပါတွေထဲကနေ ပုံးတွေထဲထည့်ပြီး ဆိုင်ကယ်နဲ့ မိုးညှင်းအထိ သယ်ရတာပေါ့။ ပြီးတော့ မိုးညှင်းမှာ ဆီပန့်ဆိုင်တွေဆီ သွင်းရတာ ဆိုင်ကယ်တစ်စီးကို အမျိုးသားဆိုရင် ၅ ဂါလံပုံးဆယ်ပုံး နိုင်တယ်။ အမျိုးသမီးဆိုရင် ၆ ပုံးလောက်ပေါ့။”ဟု အမျိုးသားတစ်ဦးက ဆိုသည်။
ဆိုင်ကယ်ဖြင့် ဆီတစ်ခါသယ်လျှင် နန့်စီးအောင်ဂိတ်တွင် အခွန် ၄ သောင်းနှင့် မိုးညှင်းအဝင်ဂိတ်၌ ၄ သောင်း၊ စုစုပေါင်း ၈ သောင်းကျပ် စစ်ကောင်စီဂိတ်ကို ပေးရကြောင်း ပြောသည်။
မိုးညှင်းမြို့ပေါ်တွင် ပရီမီယမ်ဒီဇယ်ထက် ဓာတ်ဆီလိုအပ်ချက်ပိုများနေပြီး ဓာတ်ဆီတစ်ပေပါလျှင် ၁၀ သိန်း ၅ သောင်းကျပ်ထိ ဈေးပေါက်နေကြောင်းလည်း မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။
“ဖားကန့်ကလည်း ပိတ်ထားတော့ ဒီဇယ်တွေက သိပ်မလိုဘူး။ ဓာတ်ဆီပဲ အဓိက လိုအပ်နေတာ။ ဒီမှာဓာတ်ဆီတစ်ပေပါကို ၁၀ သိန်း ၅ သောင်း ပေါက်တယ်။ ဒီနေ့တော့ နည်းနည်းဈေးပြန်ကျတယ်။ ပုံမှန်ဆိုရင်တော့ ဓာတ်ဆီတစ်ပေပါကို ၈ သိန်း ၇ သောင်းပဲ ဈေးပေါက်ပါတယ်။”ဟု ဆိုသည်။
နန့်စီးအောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ ဆီဘောက်ဆာကားများနှင့် ဆီပေပါတင်ကားများကို ဖြတ်ခွင့်မပြုသည့်အတွက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စပ်က အင်းတော်မြို့နယ်ထဲတွင် ဆီကားပေါင်းရာနှင့်ချီ ပိတ်မိနေသည်မှာ ပြီးခဲ့သည့် ဇွန်လအစပိုင်း ကတည်းကဖြစ်ကြောင်း သိရပါသည်။
စစ်ကောင်စီက ကချင်ပြည်နယ်ဘက်ကို စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့ အပါအဝင် ဓါတ်ဆီရှားပါးမှုဖြစ်ပေါ်နေပြီး ဈေးတက်နေသည့်အတွက် ပြည်သူတို့က အခက်အခဲတွေ့နေရကြောင်း သိရသည်။ မြစ်ကြီးနား ပြည်သူများသည် ဆီရှားပါးမှုပြဿနာအပြင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေကြရသည်။ ထို့အပြင် ဆီတင်ကားများ ပိတ်မိနေသည်မှာ ကြာလာသည့်အတွက် ယာဉ်မောင်းများလည်း ဒုက္ခရောက်ကြရသည်ဟု အင်းတော်မြို့ ဒေသခံများက ပြောဆိုနေကြသည်။