မြစ်ကြီးနား – ပူတာအို ကားလမ်း မြေပြိုမှုကြောင့် လမ်းမှာပိတ်မိနေသူတွေရှိ
3 July 2024 – Kachinwaves
မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းမှာ မြေပြိုမှုတွေဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာ မရောက်ခင်ကစပြီး မြေပြိုနေတာကြောင့် ပူတာအိုတက်မယ့် ကားတွေပိတ်မိနေတယ်လို့ ကားဆရာတစ်ဦးက ဆိုပါတယ်။
“တီယန်ဇွပ် မရောက်ခင်မှာပြိုတာ။ မြစ်ကြီးနားကို ပြန်ဆုတ်မရ။ တက်မရ။ ရှေ့နောက်သွားမရ။”လို့ ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းရွာမှာလည်း မိုးကြီးပြီး မြေပြိုတောင်ပြိုမှုတွေ ဖြစ်ပွါးနေတဲ့အတွက် ပူတာအိုလမ်းပိုင်းကို အချိန်ယူပြုပြင်ရမယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
ဇွန်လနှောင်းပိုင်းမှာ ကချင်ပြည်နယ် အရှေ့မြောက်ဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးပြီး ဧရာဝတီမြစ်ရေကြီးနေသလို မြေပြိုမှုတွေလည်းဖြစ်ကာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။