ဗန်းမော်နဲ့ ရွှေကူမြို့ ရပ်ကွက်တွေမှာ ရေလွှမ်းမိုးနေ
3 July 2024 – Kachinwaves
ဗန်းမော်နဲ့ ရွှေကူမြို့မှာ ဧရာဝတီမြစ်ရေကြီးမှု စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်သို့ ရောက်ရှိပြီး မြို့လူနေရပ်ကွက်တွေမှာ ရေဝင်ရောက်နေကြောင်း သိရပါတယ်။
ဗန်းမော်မြို့ရဲ့ ခွန်သာ၊ တပ်ကလေး၊ မြေနု၊ လက်ပံတန်း စတဲ့ ကမ်းနားရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီ ဖြစ်တာကြောင့် ပရဟိတအသင်းတွေက ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
“ခုတောင် စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်နေပြီ။ မနေ့ညက မြစ်ကြီးနားရေချက်ချင်း ရောက်လာတယ်။”လို့ ပြောပါတယ်။
ရေဘေးဒုက္ခသည်တွေအတွက် ဓမ္မိကာရုံကျောင်းတိုက်နဲ့ အလက (၁)၊ အမက (၃) နဲ့ အမက (၄) စာသင်ကျောင်းတွေမှာ ခိုလှုံနိုင်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
ဗန်းမော်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၁၅၀ စင်တီမီတာ အထက်ကျော်လွန်ပြီး ၁၂၂၇ သို့ ရောက်ရှိနေတဲ့အတွက် စိုးရိမ်ရေမှတ်အထက် ၇၇ စင်တီမီတာ (၂ ပေ ၅ လက်မ) ကျော်လွန်ကြောင်း မိုးဇလညွှန်ကြားရေးမှူးဦးစီးဌာနက ဒီနေ့နေ့လယ် ၁၂ နာရီခွဲတိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။
မနက် ၆ နာရီခွဲတိုင်းထွာချက် ထုတ်ပြန်ရာမှာ ၁ ပေကျော်သို့ ရောက်ရှိခဲ့ရာကနေ ဆက်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့ပေါ်မှာ ခေတ္ထရေဘေးကယ်ဆယ်ရေးစခန်းတွေ ပြင်ဆင်ထားရှိတယ်လို့ သိရပါတယ်။
ရွှေကူမြို့ပေါ်ရပ်ကွက် အမှတ် ၁၊ ၂ ၊ ၃၊ ၄ ရပ်ကွက်လေးခုမှာလည်း ရေဝင်နေပြီဖြစ်ပြီး ရပ်ကွက် ၂၊ ၃၊ ၄ က ပြည်သူတွေကိုတော့ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေပြောင်းပေးနေရပြီလို့ ပရဟိတ အဖွဲ့ထံကတစ်ဆင့် သိရှိပါတယ်။
“ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။ ကယ်ဆယ်ရေးစခန်း ၉ ခုရှိပါတယ်။ ကိုယ့်အပိုင်းသူ့အပိုင်းနဲ့ တာဝန် ယူထားတာပေါ့။”လို့ ပရဟိတကယ်ဆယ်ရေး လုပ်ဆောင်နေသူကတစ်ဦးက ဆိုပါတယ်။
လက်ရှိ ရွှေကူမြို့ရဲ့ ရေဘေးသင့်ပြည်သူ ခန့်မှန်း ၂၀၀ ကျော်အထက်ရှိနေပြီး ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။
မွန်းလွဲပိုင်း ၃ နာရီခွဲမှာ ဧရာဝတီမြစ်ရေမှာ ရွှေကူမြိူ့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲမှာရှိနေပြီး တစ်နာရီကို တစ်လက်မနှုန်းနဲ့ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ဇူလိုင် ၁ ရက်နေ့ညက မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်အထိ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်လျော့ကျလာတဲ့အတွက် အခုဆိုရင် စိုးရိမ်ရေမှတ်အောက်သို့ ၇ ပေကျော် ကျဆင်းသွားပြီဖြစ်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။