ဆားမှော်မှာ မှိုရှာထွက်တဲ့အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်
16 June 2024 – Kachinwaves
တောထဲကို မှိုရှာထွက်တဲ့အမျိုးသမီးတစ်ဦး မိုင်းနင်းမိတဲ့ဖြစ်စဉ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မိုးကောင်းမြို့နယ် ဆားမှော် ခမရ (၃၈၃) တပ်အရှေ့ဘက်တောထဲ မှိုရှာသွားတဲ့အချိန် စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“သောကြာနေ့၊ (မွန်းလွဲ) ၂ နာရီကျော်လောက်က ရွာအနောက်နား စစ်တပ်နားမှာပေါ့။ မှိုရှာရင်းအမျိုးသမီးတစ်ယောက် မိုင်းနင်းမိတာ။ (မွန်းလွဲ) ၃ နာရီလောက်ကတော့ လူနာတင်ယာဉ်နဲ့ ဆေးရုံပို့လိုက်ကြပြီ။”လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ ကညင်မြိုင်ရွာသူ အမျိုးသမီးကို မြစ်ကြီးနားက စစ်တပ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနား – မန္တလေး ကားလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ဆားမှော် ခမရ ၃၈၃ နဲ့ ၃၈၄ တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ KIA တပ်ရဲ့ တိုက်ခိုက်တာခံရပြီးနောက်ပိုင်း တပ်စခန်းပတ်ဝန်းကျင်မှာ မိုင်းထောင်တာတွေကို ပြုလုပ်ခဲ့ကြောင်း သိရတယ်။
အရပ်သားတွေရဲ့ လယ်ကွင်းတွေထဲမှာပါ စစ်တပ်က မိုင်းထောင်ထားတဲ့အတွက် ကျွဲ၊ နွား တွေ မိုင်းနင်းမိလို့ သေဆုံးတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပြီး၊ ဒီနှစ် (၂၀၂၄ ခုနှစ်) ထဲမှာပဲ ကညင်မြိုင်ရွာအနီးမှာ အရပ်သား ၂ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။