ကျွန်းလှမြို့နယ်ထဲက NUG စာသင် ကျောင်းတစ်ကျောင်းအား စစ်ကောင်စီက လေယာဉ်ဗုံးကြဲခဲ့
15 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက NUG စာသင်ကျောင်းတစ်ကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းနှင့် တိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်းဆောင်များ ပျက်စီးပြီး ဝက်တစ်ကောင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဇွန်လ (၁၅) ရက် မွန်းတည့် ၁၂ အချိန်ခန့်တွင် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာက NUG စာသင်ကျောင်းတစ်ကျောင်းကို တံတားဦးမှတက်လာသည့် Jet Fighter ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့ရာ စာသင်ကျောင်းအနောက်ဘက် ၂ လုံးနှင့် မြောက်ဘက် ၂ လုံးသို့ ကျရောက်ခဲ့ပြီး ၁ လုံးက မကွဲဘဲ ကျန်ရှိနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဘာတိုက်ပွဲ၊ ဘာစစ်ကြောင်းမှ မရှိဘူးပါဘူး။ တမင်ကို စာသင်ကျောင်းကို လာကြဲတာပါ။ ကျောင်းအနောက်ဘက် ၂ လုံးနဲ့ မြောက်ဘက်ကို ၂ လုံးကျတာ။ ၁ လုံးကတော့ မပေါက်ကွဲခဲ့ဘူး။ ကျောင်းဆင်းပြီး ၁၅ မိနစ်လောက်မှာ လာကြဲတာပေါ့။ ကျောင်းဆင်းချိန်နဲ့ ညားလိုက်လို့ ကလေးတွေရော ဆရာ၊ ဆရာမတွေရော မထိတာ။ ကျောင်းကတော့ ပျက်စီးသွားတာပေါ့။”ဟု ဆိုသည်။
အဆိုပါ စာသင်ကျောင်းကို NUG အစိုးရက ဖွင့်လှစ်ထားပြီး KG တန်းမှ Grade-12 အထိဖွင့်ထားကြောင်း သိရပါသည်။
ရွာကုန်းကြီးရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး၊ ၎င်းရွာမှ ပြည်သူ ၁ ထောင်ခန့်က ရွာတွင်မနေရဲတော့ပဲ တိမ်းရှောင်နေကြကြောင်း သိရသည်။