ကန့်ဘလူတွင် ရွာကိုပိတ်ဆို့ပြီး ပြည်သူ့စစ်ထဲဝင်ရန် ပြည်သူ ၄၀ ကျော်ကိုဖမ်းဆီးသွားသည်ဟုဆို
14 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ့စစ်ထဲဝင်ရန် ပျူစောထီးအဖွဲ့များမှ ပြည်သူများကို အတင်းအကြပ် ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ထန်းကုန်းစံပြကျေးရွာ အနောက်ဘက်ရှိ ဟော်သံနီ၊ တင်ငုတ်ကြီး၊ မိုးကြိုး၊ အုန်းတော၊ အုတ်ဖို စသည့်ကျေးရွာ ၄ ရွာမှ အမျိုးသားလူငယ်များကို ပျူစောထီး ၁၀၀ ခန့်က ကား ၄ စီးဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
“ထန်းကုန်းကနေ ကား ၄ စီးနဲ့ ရောက်ချလာတာ။ ပြီးတော့ တိုင်းပြည်အတွက် စစ်မှုထမ်းရမယ်ဆိုပြီး လူငယ်တွေကို ဖမ်းဆီးလာတာ။ ပုန်းနေတဲ့သူတွေကိုပါ ဝင်ရှာဖမ်းတာ။ အတော်လေးပါသွားတယ်။ လူငယ်တွေတော့ မလိုက်ချင်ဘူးပေါ့။ ရွာတွေကို လေးဘက်လေးလံ ပိတ်ဆို့ပြီးဖမ်းတော့ ထွက်ပြေးလို့လည်း မရဘူးလေ။ အုန်းတောရွာက ၂၂ ယောက်၊ ကျန်တဲ့ရွာ ၃ ရွာက ၃၀ ကျော် လောက်ပါသွားတယ်။ အားလုံးပေါင်း ၄၀ ကျော် ၅၀ လောက်ရှိမယ်။”ဟု ဆိုသည်။
ဖမ်းဆီးခံရသူ လူငယ်များကို ပျူစောထီးများနေထိုင်သော ထန်းကုန်းစံပြကျေးရွာကို ခေါ်ဆောင်သွားပြီး အဲ့ဒီမှာပဲ စစ်သင်တန်းပေးမယ်လို့ ကန့်ဘလူဒေသထံတစ်ဦးက ပြောပါတယ်။
ပျူစောထီးအဖွဲ့များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ အနောက်ဘက်က လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။