သပြေသာကျေးရွာတွင် အစည်းဝေးပြုလုပ်ခဲ့သည့် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၍ ဘုန်းကြီး ၃ ပါး ပျံလွန်တော်မူကာ ၉ ဦး သေဆုံး၊ ဒဏ်ရာရသူများလည်းရှိ
9 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာတွင် တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ အစည်းဝေးပြုလုပ်ခဲ့သည့်နေရာတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်မှုပြုလုပ်ခဲ့၍ ထိခိုက်သေဆုံးမှုရှိသည်ဟု နယ်မြေခံတော်လှန်ရေး ရဲဘော်များထံမှ သိရပါသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် သပြေသာကျေးရွာ ဘုန်းကြီးကျောင်းထဲ၌ မြို့နယ်အဆင့်နှင့် ရပ်ကျေးအဆင့် ပအဖ၊ ပကဖ၊ PDF တပ်ဖွဲ့တို့က ဒေသခံပြည်သူတို့နှင့် အစည်းဝေးပြုလုပ်ခဲ့အပြီး တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံး ၉ လုံး ကြဲချခံခဲ့သည်ဟု ဒေသခံတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“တိုက်ပွဲရှိတာတော့ မဟုတ်ဘူးပေါ့ဗျာ။ အစည်းဝေးရှိတာကို သတင်းပေါက်ကြားမှုရှိလို့ လေကြောင်းတိုက်ခိုက်မှု လာတယ်လို့ ထင်ပါတယ်။ ရွာကသေးသေးလည်း မြေပုံပေါ်တောင် မပေါ်ဘူး။ အစည်ဝေးပြီးလို့ နာရီဝက်လောက်အကြာမှာ ကင်းထောက်လေယာဉ်နဲ့ လာဝဲပြီး ဘုန်းကြီးကျောင်းထဲ ဗုံးတွေနဲ့ ကြဲတော့တာပဲ။ ရွာထဲတွေရော ကျတာ”ဟု ဆိုသည်။
လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကျောင်းတိုင်ဘုန်းကြီးတစ်ပါးနှင့် ဦးဇင်းနှစ်ပါး ပျံလွန်တော်မူကာ ပြည်သူ ၃ ဦးနှင့် ရဲဘော် ၃ ဦးလည်းကျဆုံးခဲ့ပြီး ၁၀ ဦးကျော်ခန့် ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း ဆက်ပြောသည်
“ဘုန်းကြီးကျောင်းဆောင်ကြီး နှစ်ဆောင်ပျက်စီးသွားတယ်။ ကျွန်တော်တို့ ကြားတာတော့ သေဆုံးသွားတဲ့ထဲမှာ ဘုန်းကြီး ၃ ပါး အပါအဝင် အမျိုးသား ၈ ယောက် အမျိုးသမီး ၁ ယောက်ပေါ့။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေတော့ စိစစ်ဆဲပဲ။ ဒဏ်ရာရတဲ့သူတွေထဲမှာ ၄ ယောက်ကတော့ ပြင်းထန်တယ်။ အသက်တော့ မစိုးရိမ်ရပေမဲ့ အရိုးတွေပေါ်တဲ့အထိ ဖြစ်သွားတယ်။ အဲ့ဒီထဲမှာ အမျိုးသား ၂ ယောက်ကတော့ ခြေတောက် ဖြတ်ရဖို့များတယ်။”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာက ပကဖ အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ မင်္ဂလာဆောင်အခမ်းအနား ဗုံးကြဲခံရသဖြင့် ကလေးငယ် ၈ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးခဲ့ရသည်။