အင်းတော်တွင် ဂိတ်ကြေးတောင်းနေသည့် စစ်ကောင်စီ ရဲတပ်ကြပ်ကြီးတစ်ဦး ကားတိုက်မိပြီး ဒဏ်ရာပြင်းထန်
7 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ရထားသံလမ်းအနီးက ရဲအင်အား ၁၀ ဦးခန့်ရှိသည့် စစ်ကောင်စီဂိတ်၌ ပိုက်ဆံတောင်းနေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဆီတင်တွဲကားနှင့် တိုက်မိပြီး ပြင်းထန်ဒဏ်ရာရရှိကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ကားတစ်စီးထံမှ ပိုက်ဆံတောင်းပြီး လမ်းတစ်ဖက်မှ ထွက်လာသည့် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဆီတင်တွဲကားကားတစ်ဖြင့် တိုက်မိ၍ မျက်နှာတစ်ခြမ်း စုတ်ပြတ်သွားသည်ဟု IR အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“သံလမ်းအကျော်နားကဂိတ်မှာ ပိုက်ဆံကောက်နေတာ။ တွဲကားဆရာက ညနေ ၅ နာရီကျော်ပြီဆို ဂိတ်မဖြတ်ရဘူးဆိုတော့ မြို့ပြင်ကို ပြန်ထွက်လာတာပေါ့။ အဲ့ဒီဂိတ်နားရောက်တော့ အဲ့ဒီရဲတပ်ကြပ်က တွဲကားတစ်စီးဆီမှာ ပိုက်ဆံတောင်းပြီး ကားဘေးကနေ လမ်းတဖက်ကိုကူးတဲ့အချိန်မှာပဲ လာတဲ့တွဲကားနဲ့ တိုက်မိသွားတာ။ သေနတ်တွေရော ကျိုးသွားတယ်။ လူလည်းလွင့်သွားတယ်။ ဒဏ်ရာအတော်ပြင်းတယ်။ မျက်နှာတစ်ခြမ်းစုတ်ပြတ်သွားတယ်။”ဟု ဆိုသည်။
အဆိုပါရဲတပ်ကြပ်ကြီး၏ အမည်ကိုတော့ မသိရှိရသေးဘဲ၊ အင်းတော်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေကြောင်းနှင့် တိုက်မိသည့် တွဲကားဆရာနှင့် ယာဉ်နောက်လိုက်တစ်ဦးကို အင်းတော်အချုပ်ခန်းတွင် ဖမ်းဆီးထားပြီး ကားကိုလည်း ရဲစခန်းရှေ့မှာပဲ ဖမ်းဆီးထားတယ်လို့ အင်းတော်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ အင်းတော်မြို့တွင် စစ်ကောင်စီဂိတ် ၂ ခုရှိပြီး ပညာရေးမှူးရုံးရှေ့က စစ်ကောင်စီဂိတ်၌ ခရီးသွားပြည်သူများအား မှတ်ပုံတင်နှင့်ဖုန်းများ စစ်ဆေးလျှက်ရှိပြီး၊ ဖြတ်သွားသည့်ကားများထံမှ ကုန်တင်အခွန်များ ကောက်ခံနေသလို၊ မြို့တွင်း မီးရထားသံလမ်းနားက စစ်ကောင်စီဂိတ်မှာလည်း ရီးသွားကားနှင့် ကုန်တင်ကားများထံမှ ဘီးခွန်များ ကောက်နေကြောင်းသိရသည်။ ဂိတ်နှစ်ခုလုံးတွင် ပြည်သူများ မကြာခဏ ဖမ်းဆီးခံရမှုရှိနေကြောင်း သိရသည်။