စကစ စစ်သားတွေက ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းထဲ သေနတ်ချိန်ရွယ် ဝင်ရောက်လာပြီး ခြိမ်းခြောက် စစ်ဆေးမှုလုပ်ခဲ့ကြောင်း ပြော
29 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ စီလီရပ်ကွက်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ယနေ့မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီစစ်သား ၁၀ ယောက်ကျော်က သေနတ်ချိန်ရွယ်ကာ ဝင်ရောက်လာပြီး ခြိမ်းခြောက် စစ်ဆေးစဉ် ကြောက်ရွံ့ပြီး ထွက်ပြေးသွားတဲ့ လူငယ်နှစ်ယောက်ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီစစ်သား ၁၅ ယောက်ကျော်လောက် ရှိမယ်။ သေနတ်ချိန်ပြီး စစ်ရှောင်စခန်းဘက်မှာ ဝင်သွားတယ်။ ပြီးတော့ ထွက်ပြေးတဲ့ လူငယ်နှစ်ဦးကို လိုက်ပစ်တာ တွေ့တယ်။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ ထွက်ပြေးသွားတဲ့ လူငယ်နှစ်ဦးဟာ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူများထံမှ သိရပါတယ်။
ယင်းစစ်ရှောင်စခန်းမှာ စစ်တပ်နဲ့ KIA တို့ကြား ၂၀၁၁ ခုနှစ်မှစပြီး တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာစွန့်ကာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စခန်းဖြစ်ကြောင်း သိရတယ်။
ဝိုင်းမော်မြို့တွင်းမှာ စစ်ကောင်စီ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ လုံခြုံရေးကင်းလှည့် စစ်ဆေးခြင်းတွေ ရှိနေကြောင်း သူက ဆက်ပြောပါတယ်။
ဝိုင်းမော်မြို့အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ ကာကင်းစခန်း ၂၀ ကျော်ကို မေလအတွင်းက တိုက်ပွဲတွေမှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရပါတယ်။