ဝိုင်းမော်မြို့နယ် ဂျမ်ဂါကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်လာ
29 May 2024 – Kachinwaves
တိုက်ပွဲပြင်းထန်လာသောကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂျမ်ဂါကျေးရွာမှ မြစ်ကြီးနားမြို့ အာလမ်တိုက်နယ် အူဗျစ်နှစ်ခြင်းအသင်းတော်
ဟန်းဂေါ် အင်ပေါန် ကျေးရွာသို့ စစ်ရှောင်လာသော အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ခန့် အစားအသောက် ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အကူအညီလိုအပ်နေကြောင်း သိရသည်။
“လွန်ခဲ့တဲ့ မေလ ၁၉ ရက်ကတည်းက စစ်ရှောင်လာကြတာ။ အဲ့တုန်းက ဝါးရှောင်ဆရာတော် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာနဲ့ အဆင်ပြေသေးတယ်။ အဲ့နောက်ပိုင်းတော့ ခုထိအကူအညီတွေတော့ ဘာမှရောက်မလာကြသေးဘူး။ ကျတော်တို့လည်း လိုင်းပေါ်မတင်ရသေးတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အကူအညီတွေတော့ အရမ်းလိုအပ်နေပါတယ်။ ကျောင်းပြန်ဖွင့်ဖို့ အချိန်ရောက်လာတော့ ကလေးတွေအတွက်လည်း စာရေးကိရိယာကအစ အကူအညီလိုအပ်နေပါတယ်။”ဟု ယခုလက်ရှိ စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
လက်ရှိတွင် စစ်ရှောင်စခန်းတွင်း၌ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေး ၄၀၀ ခန့်ထိရှိနေပြီး ဆက်လက်ရောက်ရှိလာသူလည်း ရှိကြောင်းသိရသည်။ ရာသီဥတု အခြေအနေအရ စားနပ်ရိက္ခာများအပြင် ဆေးဝါး၊ အမိုးအကာများနှင့် အဝတ်အစားများလည်း မလုံလောက်ကြောင်း စစ်ရှောင်လာသူတစ်ဦးက ဆက်လက်ပြောပြသည်။
ဝိုင်းမော်မြို့နယ်တွင် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးအရှိန်တင်းမာနေသည်။