ဝိုင်းမော်မြို့အတွက် အရေးကြီးတဲ့ ခမရ ၃၂၁ စခန်းကြီးကို စကစ လက်လွှတ်လိုက်ရ
21 May 2024 – Kachinwaves
ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာရှိ ခမရ ၃၂၁ စခန်းကြီးကို KIA နှင့် ပူးပေါင်းတပ်တို့က ယနေ့ည ၈ နာရီကျော်တွင် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။
”ရွှေညောင်ပင် ၃၂၁ တပ်ရင်းကို သိမ်းနိုင်ပြီလို့ကြားတယ်။ အဲ့အနီးတစ်ဝိုက်မှာတော့ ဘယ်သူမှ မရှိတော့ဘူးဆိုတော့ အခြေအနေတော့ သေချာမသိရသေးဘူး။ လောလောဆယ်တော့ လက်နက်ကြီးတွေတော့ ဆက်တိုက်ပစ်နေတုန်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ည ၆ နာရီခွဲအချိန်မှစပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့သော်လည်း စခန်းကို လက်လွှတ်လိုက်ရပြီး၊ ၉ နာရီကျော်အထိ ဗုံးသံများကြားနေရသည်ဟု ဝိုင်းမော်ဘက်က သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ခမရ ၃၂၁ ၏ ကာကင်းစခန်းဖြစ်သည့် ပွိုင့်ကုန်းတစ်ခုကိုတော့ မေ ၁၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မေ ၁၈ ရက်နေ့ကတည်းက ဝိုင်းမော်မြို့နှင့် လိုင်ဇာအနီး နန့်ဆန်ယန်ကျေးရွာကြားရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ရက်အတွင်း စခန်းပေါင်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIO သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ရွှေညောင်ပင် ခမရ ၃၂၁ စခန်းသည် ဝိုင်းမော်မြို့လုံခြုံရေးအတွက် အရေးပါသည့် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်က အရေးပါသည့် တပ်စခန်းလည်း ဖြစ်ပါသည်။
စစ်ကောင်စီက ဝိုင်းမော်ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။