တိုက်ပွဲမရှိတဲ့ တာလောကြီးကျေးရွာထဲ စစ်ကောင်စီ လေယာဉ်နဲ့ လက်နက်ကြီး ပစ်ခတ်
20 May 2024 – Kachinwaves
တိုက်ပွဲမရှိတဲ့ တာလောကြီးကျေးရွာကို ဒီကနေ့မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်လိုက်တဲ့ ဗုံးသီးဟာ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ရဲစခန်းအနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သူတစ်ဦးရှိတယ်လို့ ကျေးရွာဒေသခံတစ်ဦးက ဆိုပါတယ်။
“ရဲစခန်းမှာထိတဲ့သူရှိတယ်။ အဲ့မှာချတာ။ ရွာဘက်ကို သေနတ်နဲ့ပစ်တာ လေယာဉ်ပေါ်ကနေ။ တအားမြန်တယ်။ ပစ်ပြီးခဏဆို ဘယ်ပျောက်သွားမှန်းမသိဘူး။”လို့ ပြောပါတယ်။
ရဲစခန်းကို ဗုံးကြဲပြီးနောက် ကျေးရွာဘက်ကို လေယာဉ်မှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
လေယာဉ်နဲ့လာမပစ်ခင် စစ်ကောင်စီတပ်က ကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က KIA နဲ့ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တာလောကြီးဒေသဟာ KIA ရဲ့ ထိန်းချုပ်နယ်မြေထဲ ပါဝင်သွားတာ ဖြစ်ပါတယ်။