လူမှုကွန်ရက်ပေါ် သတင်းစကား ဖြန့်ဝေပြောဆိုမှုကို အကြောက်တရား ရိုက်သွင်းခံရတဲ့ ကချင်ပြည်သူများ
20 May 2024 – Kachinwaves
ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကြည့်ရင် ဘာသာရေးဆရာတွေ ပစ်မှတ်ထားခံခဲ့ရတဲ့ ဖြစ်စဉ် (၃) ခုကို ထူးခြားမှု ဖြစ်စဉ်အဖြစ်တွေ့ရှိခဲ့ရပြီး အရပ်သားတွေခံနေရတဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း တွေ့ရှိရပါတယ်။
▪︎ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် (Rev. Dr. Hkalam Sam Sun)
မြန်မာသက္ကရာဇ်နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်နေ့) မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီး လွတ်မြောက်လာတဲ့နေ့ ည (၉း၃၀) နာရီအချိန်မှာပဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို နေအိမ်ကနေ စစ်ကောင်စီက ပြန်လည်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး “အထူးပင်စိုးရိမ်ပူပန်လျှက်ရှိ”ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention – KBC) က မေလ ၃ ရက်နေ့မှာ သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
ကချင်လူထုပရိသတ်က Rev. Dr. Hkalam Sam Sun လွတ်မြောက်လာတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပြီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသလို၊ အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာလည်း ဆရာတော် လွတ်မြောက်လာခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြတဲ့ ပို့စ်တွေ ပလူပျံခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေဟာ ဝမ်းသာလို့တောင်မဆုံးနိုင်သေးဘူး၊ စစ်ကောင်စီက ဆရာတော်ကို ပြန်လည်ခေါ်ဆောင်သွားတဲ့သတင်းကြောင့် ဝမ်းနည်းစိုးရိမ်ပူပန်စိတ်တွေ ပြန်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ဖမ်းဆီးသွားခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ ဖြစ်တယ်လို့ပြောဆိုတဲ့ သတင်းထွက်ခဲ့ပေမဲ့ Rev. Dr. Hkalam Sam Sun ဟာ ဒီကနေ့ တစ်လကျော်လာတဲ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သိရှိရပါတယ်။
KBC အဖွဲ့ချုပ်ကလည်း ဆရာတော်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေလို့ “မိသားစုနေအိမ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် အထူးမျှော်လင့်လျှက်ရှိကြောင်း” ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ၁ နှစ်၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ၂ နှစ် စုစုပေါင်း ထောင်ဒဏ် (၆) နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ပြည်ပသို့ခရီးသွားရန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရောက်ရှိနေစဉ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
ဆရာတော်ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ လွတ်လပ်မှုမရှိပဲ ဖိနှိပ်ခံနေရကြောင်း၊ တိုင်းရင်းသားတွေဟာ ဗဟိုအစိုးရကို ဆန့်ကျင်တော်လှန်နေရပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်အတွက် အမေရိကန်အစိုးရဲ့ အကူအညီက အရေးကြီးကြောင်းတင်ပြခဲ့သလို တပ်မတော်ခေါင်းဆောင်တွေအပေါ် ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီးနောက် စစ်တပ်ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အဲဒီတရားစွဲဆိုမှုကို စစ်တပ်ဘက်က ပြန်လည် ရုပ်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
▪︎ Father ပေါလ် ခွေရှင်းအောင် (Wa Jau Paul Khwi Shane Aung) လုပ်ကြံခံရမှု
ဧပြီ ၁၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ မိုးညှင်းမြို့နယ် ကက်သလစ်သာသနာပိုင် Father ပေါလ် ခွေရှင်းအောင် ဟာ အောင်သပြေ (၂) ရပ်ကွက်က စိန်ပတ်ထရစ်ဘုရားကျောင်းမှာ ဘာသာဝင်တွေနဲ့အတူ မစ္ဆားတရားဝတ်ပြုနေချိန် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ ဘုရားကျောင်းဝင်းထဲ ရောက်ရှိလာပြီး၊ Father ကို ၅ ချက် ပစ်ခတ်သွားခဲ့တဲ့အမှု ဖြစ်ခဲ့ပါတယ်။
ဦးထုပ်၊ အင်္ကျီအနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာအုပ်ထားတဲ့ အမည်မသိ အဲဒီသေနတ်သမားနှစ်ဦးက ဘုရားကျောင်းထဲမှာ မစ္ဆားတရား ဝတ်ပြုခြင်းကို ဦးဆောင်နေတဲ့ Father ပေါလ် ခွေရှင်းအောင် ကို ပစ်ခတ်သွားခြင်း ဖြစ်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် Father ရဲ့ ပေါင်ရင်း၊ မေးစေ့နဲ့ လက်တွေမှာ ဒဏ်ရာပြင်းထန် ရရှိခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်ကလည်း မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ လမ်းခွ (Lambraw Yang) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်ရဲ့ ခရစ်ယာန်ဓမ္မဆရာဟောင်း ခွန်ဂျော်လီ (Sr. Nammye Hkun Jaw Li) ကို ၎င်းရဲ့ နေအိမ် ကွန်ပျူတာ မိတ္တူစာစီစာရိုက်ဆိုင်းအတွင်း အမည်မသိသေနတ်သမားတွေရဲ့ လုပ်ကြံပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့အမှုဖြစ်ခဲ့ပါတယ်။
▪︎ မော်ဖောင်းကျေးရွာအသင်းတော်မှ ဘာသာရေးဆရာတွေနဲ့ ဝန်ထမ်းတွေ ယာယီထိန်းသိမ်းခံခဲ့ရတဲ့ ကိစ္စ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက အောက်မော်ဖောင်းကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်ရဲ့ ဓမ္မဆရာ ၂ ဦး၊ ကက်သလစ်အသင်းတော်ရဲ့ ဓမ္မဆရာ ၁ ဦးနဲ့ ၎င်းဘုရားကျောင်းတွေရဲ့ ဝန်းခြံစောင့် ၂ ဦးတို့ကို ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။
ယာယီဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဧပြီ ၂၂ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ အသင်းတော်ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေ ပြန်လည်လွတ်မြောက်လာရေးအတွက် Peace Talk Creation Group (ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) ကလည်း ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါအပေမဲ့ ထူးခြားမှုတစ်ခုကတော့ ၎င်းတို့ လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး မှားတာဖြစ်စေ၊ မှန်တာဖြစ်စေ Facebook လူမှုကွန်ရက်စာမျက်နှာမှာပေါ် ရေးတင်ခြင်း မပြုလုပ်ရန်နဲ့ ဘယ်သတင်းမီဒီယာကိုမှ လက်ခံဖြေကြားခြင်း ပြုလုပ်မှာ မဟုတ်ဘဲ၊ အသင်းသူအသင်းသားတွေကိုလည်း သတင်းစုံစမ်းမေးမြန်း ဆက်သွယ်ခြင်း မပြုလုပ်ပေးကြရန် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
အထက်ပါ အချက်တွေကိုကြည့်ရင် ဘာသာရေးလူမျိုးရေး အကဲဆတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေ ဧပြီလအတွင်း ဖြစ်ပျက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ နောက်တွေ့ရှိချက်တစ်ခုက ကချင်လူထုဟာ Rev. Dr. Hkalam Sam Sun လွတ်မြောက်လာတာကို အားတက်ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြပေမဲ့ စစ်ကောင်စီက ညတွင်းခြင်း ပြန်လည်ဖမ်းဆီးလိုက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ Rev. Dr. Hkalam Sam Sun ကို စစ်ကောင်စီက ပြန်လည်ထိန်းသိမ်းလိုက်တာဟာ သတင်းမီဒီယာတွေနဲ့ Facebook သုံးစွဲသူတွေက အလွန်အကျွံဖော်ပြမှုကြောင့် ဖြစ်တယ်ဆိုတဲ့ မသေချာမရေရာတဲ့ ကောက်ချက်ဆွဲနားလည်မှုလည်း ကချင်လူထုကြားမှာ လွှမ်းမိုးသွားပါတယ်။ ဒီကောက်ချက်ရဲ့ ဂယက်ဟာ မော်ဖောင်းအသင်းတော်ရဲ့ ဘာသာရေးဆရာတွေ ဖမ်းခံရပြီးနောက် အသင်းတော်နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့ဘုတ်ပေ့ကနေ ထုတ်ပြန်ချက်မှာ သိသိသာသာ ထင်ဟပ်နေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် Rev. Dr. Hkalam Sam Sun ကို ပြန်လည်ထိန်းသိမ်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကာယကံရှင်ဆရာတော်နဲ့အတူ ၎င်းလွတ်မြောက်လာမှုအပေါ် ဝမ်းမြောက်ကြိုဆိုခဲ့ကြတဲ့ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်ဖြစ်ပြီး လွတ်လပ်စွာ အွန်လိုင်လူမှုကွန်ရပ်ပေါ်ကနေ သတင်းစကားဖြန့်ဝေပြောဆိုမှုကို မလုပ်ရဲအောင် အကြောက်တရားရိုက်သွင်း ခြိမ်းခြောက်လိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလအတွင်း တွေ့ရှိခဲ့ရတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု အချက်အလက်တွေကိုလည်း အောက်ပါအတိုင်းတွေ့ရှိရပါတယ်။
▪︎ ကချင်ပြည်နယ် (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူအရပ်သားတွေနဲ့ ၎င်းတို့သေဆုံးခဲ့ရတဲ့ အကြောင်းရင်းများ။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၁) ဦး
▪︎ တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ (၃) ဦး
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၃) ဦး
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသူ (၄) ဦး
▪︎ နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း သေဆုံးသူ (၄) ဦး
▪︎ ဒလန်အဖြစ် စွပ်စွဲခံရပြီး သတ်ဖြတ်ခံရ၍ သေဆုံးသူ (၁) ဦး
▪︎ ကလေးသူငယ် သတ်ဖြတ်ခံရမှု (၁) ဦး
စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မိုးမောက်မြို့နယ်မှ (၅) ဦး၊ မြစ်ကြီးနားမြို့နယ်မှ (၁) ဦးနဲ့ မံစီမြို့နယ်မှ (၅) ဦး အသက်ဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။ မိုးမောက်မြို့နယ်မှ သေဆုံးသူတွေထဲက (၁) ဦးမှာ အသက် (၁၈) နှစ်အောက်ကလေး ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ထိကာ သေဆုံးရသူ၊ မိုးမောက်မြို့နယ်မှာ (၃) ဦး ရှိခဲ့တာကို တွေ့ရပါတယ်။ ဒလန်အဖြစ်စွပ်စွဲသတ်ဖြတ်ခံရသူမှာ မိုးမောက်မြို့က ဖြစ်ပါတယ်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာက အသက် (၁၀) နှစ်အရွယ် မိန်ကလေးတစ်ဦး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရပြီး သေဆုံးသူကလေးနဲ့ မောင်လေးတော်စပ်သူ အသက် ၈ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးလည်း ပျောက်ဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
▪︎ ကချင်ပြည်နယ် (ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ (၈) ဦး
▪︎ တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ထိခိုက်ခံရသူ (၅) ဦး
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူ (၁၀) ဦး။
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ ထိခိုက်ခံရသူ (၁) ဦး
▪︎ စစ်ကျန်လက်နက်ကြောင့် ထိခိုက်ခံရသူ (၁) ဦး
▪︎ အစအနပျောက်ဆုံးမှု (၁) ဦး
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် (၃)ခု
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ထိခိုက်မှုဖြစ်စဉ် (၂) ခု
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘာသာရေးအဆောက်အအုံ ထိခိုက်မှုဖြစ်စဉ် (၃)ခု
▪︎ လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ် (၁)ခု
▪︎ အရပ်သား ပစ္စည်းဥစ္စာအား သိမ်းဆည်းသည့် ဖြစ်စဉ် (၂) ခု
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့နယ်မှ (၃) ဦး၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှ (၂) ဦး၊ မံစီမြို့နယ်မှ (၃) ဦး၊ စုစုပေါင်း အရပ်သား (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးမောက်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် အရပ်သား (၄) ဦး ထိခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိုးမောက်မြို့နယ်မှ (၂) ဦး၊ ဖားကန့်မြို့နယ်မှ (၆) ဦး၊ မံစီမြို့နယ်မှ (၂) ဦး စုစုပေါင်း အရပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ မိုးမောက်မြို့နယ်မှ ထိခိုက်သူတွေဟာ မိခင်နဲ့ ကလေးတစ်ဦး ဖြစ်ပါတယ်။
သေနတ်ဖြင့် ပစ်ခတ်ခံရလို့ ထိခိုက်ခံရသူမှာ မိုးညှင်းမြို့က Father ပေါလ် ခွေရှင်းအောင် လုပ်ကြံခံခဲ့ရတဲ့အမှု ဖြစ်ပါတယ်။
မိုးမောက်မြို့နယ်မှ အရပ်သားအမျိုးသမီးတဦး ခြံရှင်းနေစဉ် စစ်ကျန်လက်နက် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှ သတ်ဖြတ်ခံရသူ အသက် (၁၀) နှစ်အရွယ် မိန်ကလေးနဲ့ မောင်လေးတော်စပ်သူ အသက် ၈ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အစအနပျောက်ဆုံးသွားတဲ့အမှု ဖြစ်ပါတယ်။
စစ်ကောင်စီက မိုးမောက်မြို့နယ်ရှိ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် မိုးမောက်မြို့နယ်မှာ (၁) ခု၊ မြစ်ကြီးနားမြို့နယ်မှာ (၁) ခုနဲ့ ဖားကန့်မြို့နယ်မှာ (၁) ခု ဖြစ်ပွားခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ထိခိုက်မှုဖြစ်စဉ် ဝိုင်းမော်မြို့နယ်မှာ (၁) ခု၊ မံစီမြို့နယ်မှာ (၁) ခု ဖြစ်ခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘာသာရေးအဆောက်အအုံ ထိခိုက်မှုဖြစ်စဉ် မိုးမောက်မြို့နယ်မှာ (၂) ခု၊ ဝိုင်းမော်မြို့နယ်မှာ (၁) ခု ရှိခဲ့ပါတယ်။
အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချတယ်လို့ စွပ်စွဲခံရတဲ့ဖြစ်စဉ် (၁) ခု မိုးမောက်မြို့မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မိုးမောက်မြို့နယ်ရှိ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
အရပ်သားတွေရဲ့ ပစ္စည်းဥစ္စာတွေ သိမ်းဆည်းခံရတဲ့ဖြစ်စဉ် မြစ်ကြီးနားမြို့နယ်မှာ (၁) ခု၊ ဝိုင်းမော်မြို့နယ်မှာ (၁) ခု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
▪︎ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူ အရပ်သားတွေနဲ့ ၎င်းတို့သေဆုံးခဲ့ရတဲ့ အကြောင်းရင်းတွေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၆) ဦး
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံးသူ (၂) ဦး
▪︎ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ (၁) ဦး
▪︎ ရှမ်းပြည်နယ်မြောက်ပိုင်း (ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ (၇) ဦး
▪︎ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ခံရသူ (၅) ဦး
▪︎ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခံရ၍ ထိခိုက်ခံရသူ (၄) ဦး
ယခုတင်ပြထားတဲ့ လူ့အခွင့်အရေး အချက်အလက်တွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းတွေကို တင်ပြနေတဲ့ သတင်းမီဒီယာအချို့ရဲ့ သတင်းဖော်ပြချက်တွေနဲ့ မြေပြင်သတင်းအချက်အလက် စုဆောင်းမှုတွေကို အခြေခံပြီး ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါတယ်။