စစ်ကောင်စီတပ်က ၁၃ နှစ်ကလေးနှင့် အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးလည်း ပျောက်ဆုံးနေ
18 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ထားခဲ့ကြောင်း ဖောင်းပြင်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်က ဖောင်းပြင်မြို့မှ ၆ မိုင်ကျော်ဝေးသော အင်းဝိုင်းရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းဒေသခံ တော်လှန်ရေးရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်က အင်းဝိုင်းရွာကို ဝင်စီးချိန် ၎င်းရွာမှ ပြည်သူများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး အသက် ၁၃ နှစ် ကလေးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးကို သတ်ပစ်ခဲ့ကြောင်းနှင့် အမျိုးသမီး ၂ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြောသည်။
“သူတို့ (စကစ) ပြည်သူရွာကို ဝင်စီးတာ။ ဝင်စီးတော့ ပြည်သူတွေက ရှောင်ချိန်မရလိုက်ဘူးပေါ့နော်။ သူတို့က ပြည်သူတွေကိုဖမ်းပြီး ကတုတ်ကျင်းတွေ ဘာတွေ တူးခိုင်းတာပေါ့။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်တိုက်တော့ ပြန်ဆုတ်တဲ့အချိန်မှာ သတ်ပစ်ထားတာပေါ့။ ရက်ရက်စက်စက် မီးရှို့သတ်ထားတာတွေလည်း ရှိတယ်။ လောလောဆယ် ကျွန်တော်တို့ ရထားတာတွေက ၆ လောင်း လောက်ရှိတယ်။ ပျောက်နေတာလည်း ၂ ဦး ကျန်သေးတယ်။ ဒဏ်ရာရတာလည်း တော်တော်များတယ်။”ဟု ဆိုသည်။
အသတ်ခံရသည့် ပြည်သူများမှာ အသက် ၁၃ နှစ်အရွယ် မောင်စိုးထက်ဦး၊ ဒေါ်လှသိန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ဇာဇာမြင့်၊ ဦးသန်းလှ၊ ဦးသံလုံး၊ ဦးသိန်းထွန်း တို့ဖြစ်ပြီး ဒေါ်ချိုဇင်လင်းနှင့် ဒေါ်အဲစန်း တို့နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီတပ်က အင်းဝိုင်းရွာကို ဝင်စီးပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်က လက်နက်ခဲယမ်း အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခဲ့ကြောင်းလည်း ပြောသည်။
၎င်းစစ်ကောင်စီတပ်ဖွဲ့က ဖောင်းပြင်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်းလည်း ပြောသည်။
“ခွေးတွေဘက်က အသေအပျောက်ကတော့ အတိကျမသိရဘူး။ ၂ ယောက်သေတယ် ဆိုတာတော့ သိရတယ်။ ဒဏ်ရာရတဲ့ဟာတွေရော၊ သေတဲ့ဟာတွေရော အကုန်ပြန်ဆွဲသွားတယ်။”ဟု ဆိုသည်။
ဖောင်းပြင်မြို့နယ်တောင်ပိုင်း နန်းပန်၊ မော်လိုက်ကုန်းမှာလည်း မေလ ၁၄ ရက်နေ့မှစပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။