မြစ်ကြီးနားမြို့ ရွှေလမ်းမ မီးပွိုင့်လမ်းဆုံ၌ မီးကြိုးများပြတ်ကျနေ၍ ကားကြီးများဖြတ်သွားရန် အခက်တွေ့နေသလို လမ်းအသုံးပြုသူ ပြည်သူများအတွက်လည်း အန္တရာယ်ရှိသည်ဟု ဆို
11 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆွမ်ပရာဘွမ်လမ်းမကြီးနှင့် လီဒိုရွှေလမ်းမကြီး မီးပွိုင့်လမ်းဆုံ၌ မီးကြိုးများပြတ်ကျနေ၍ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာရန် အခက်တွေ့နေကြောင်း သိရသည်။
ဓာတ်တိုင်ပေါ်တွင် တပ်ဆင်ထားသော အချို့လျှပ်စစ်မီးကြိုးများသည် အနည်းငယ်နိမ့်နေသဖြင့် ကုန်တင်ကားကြီးများ ဖြတ်သန်းစဉ် မကြာခဏချိတ်မိ၍ တွယ်ကျလာသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ၎င်းလျှပ်မီးကြိုးများသည် မြေပြင်ထိ တွယ်ကျလာသည်ဟု ပြောသည်။
ကားများနှင့် ကုန်တင်ကားကြီးများ မောင်းနင်ဖြတ်သွားရန် အခက်အခဲဖြစ်နေသည့်အပြင် ဖြတ်သွားဖြတ်လာ ပြည်သူများအတွက်လည်း အန္တရာယ်ရှိ၍ အမြန်ဆုံးပြန်လည် ပြုပြင်ပေးစေလိုကြောင်း နီးစပ်သည့် မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။