နန်ရင်းချောင်းတွင် ကလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံး
11 April 2024 – Kachinwaves
မိုးညှင်းမြို့၊ နန်ရင်းချောင်းတွင် ကလေးနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသည့်ဖြစ်စဉ် ယနေ့နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွါးခဲ့သည်။
မိုးညှင်း၊ ကန်တော်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ညီအစ်မနှစ်ဦးမှာ ၎င်းတို့အိမ်အနောက်ဘက် နန့်ရင်းချောင်းတွင် ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွါးခဲ့သည်ဟု အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ ရောက်ရှိခဲ့သူ အမျိူးသားတစ်ဦးက ဆိုသည်။
“သူတို့နေအိမ်အနောက်က ချောင်းမှာရေဆင်းချိုးရင်းနဲ့ ရေနစ်ကြတာဗျ။ သူ့အမေက ကလေးပျောက်လို့ လိုက်ရှာရင်းနဲ့ တွေ့တာ။ သူ့အမေတွေ ဆေးရုံပို့တော့ ဆေးရုံရောက်တော့ နှစ်ယောက်စလုံး အသက်မရှိတော့ဘူး။”
သေဆုံးသူ ကလေးငယ် ၂ ဦးမှာ အသက် ၈ နှစ်အရွယ် ချစ်သဲဦးနှင့် ၇ နှစ်အရွယ် သံစဉ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ဧပြီ ၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ နောင်းချိန်းကျေးရွာတွင် ကလေးနှစ်ဦးနှင့် မုတ်လွဲကျေးရွာတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွါးခဲ့သည်။