ဖားကန့်မြို့ အဝင်အထွက်လမ်းတွေမှာ တိုက်ပွဲပြန်ဖြစ်နေပြီး၊ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေ
10 April 2024 – Kachinwaves
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို ဝင်ထွက်နိုင်တဲ့ အဓိကလမ်းကြောကြီးနှစ်ခုဖြစ်တဲ့ ဆယ်ဇင်းလမ်းနဲ့ နန့်ယားလမ်းကြောမှာ မနေ့ကစပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားနေပါတယ်။
အင်းတော်ကြီး – ဖားကန့် လမ်းကြောက ဆယ်ဇင်းကျေးရွာမှာ အထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီအထိုင်ချထားတဲ့ ရဲစခန်းနဲ့ စစ်တပ်စခန်းကို မနေ့က မနက် ၈ နာရီမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး ရဲစခန်းမှူးအပါအဝင် စစ်သုံ့ပန်း ၂၀ ကျော်နဲ့ လက်နက် ၂၂ လက် သိမ်းဆည်းရရှိထားတယ်လို့ ဆယ်ဇင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ဒီမနက် ၈ နာရီတိုက်ပွဲစတာ။ ရဲစခန်းမှူးအပါအဝင် ၂၀ ဦးဖမ်းမိထားတယ်။ နယ်ထိန်းဗိုလ်လေးက စစ်တပ်ဆီပြေးလွတ်သွားတယ်တဲ့”
ရဲစခန်းသိမ်းဆည်းရပြီးနောက် မနေ့က ညနေ ၅ နာရီမှာတော့ ရဲစခန်းနဲ့တစ်မိုင်အကွာ ချမ်းသာအေးရပ်ကွက်မှာရှိတဲ့ စစ်တပ်ကို စတင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆယ်ဇင်းကျေးရွာဟာ ၂၀၂၂ ခုနှစ် ဇွန်လက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းအဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်စစ်တပ်နဲ့ SNA က ဆယ်ဇင်းရွာ အဝင်အထွက်ကို ထိန်းချုပ်ထားခဲ့ပါတယ်။
မေန့က တစ်ရက်တည်းမှာပဲ ဖားကန့် – မိုးကောင်းလမ်းပိုင်းက နန့်ယားစစ်တပ်ကိုလည်း KIA က စတင်တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“KIA တွေ မနေ့ မနက် ၅ ခွဲရွာထဲကို စဝင်တယ်။ ရွာနားကပ်လာမှာ ဒရုန်းနဲ့ဗုံးအရင်ကြဲပြီး တိုက်ပွဲစတယ်။”
တိုက်ပွဲက လက်ရှိချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက နန့်ယားကျေးရွာထဲကို မနေ့က လေကြောင်းနဲ့ ၅ ကြိမ်ဗုံးကြဲခဲ့ပြီး ဒီနေ့လည်း ၂ ကြိမ်ဗုံးလာကြဲတယ်လို့ ဆိုပါတယ်။
အခုလက်ရှိချိန်ထိ ဆယ်ဇင်းလမ်းနဲ့ နန့်ယားလမ်းကြောမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ဝှေခါလမ်းကြောကိုတော့ ဒီကနေ့ နေ့လယ်ကစပြီး နန့်မွန်းတောင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လမ်းပိုင်းအသုံးပြုခွင့် ပိတ်ပင်ထားတဲ့အတွက် ဖားကန့်ကိုသွားမယ့် အဓိကလမ်းကြောကြီး ၃ ခုလုံး ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့်မရှိကြောင်း သိရပါတယ်။