စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေ၍ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းအား ဇင်းရွာလမ်းပိုင်းအတွင်း ယာယီပိတ်ပင်ထား၍ ကားများပိတ်မိနေ
4 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ ဇင်းရွာအနီးတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ၎င်းလမ်းပိုင်းအား သွားလာခွင့်ပိတ်ထားကြောင်း သိရသည်။
မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းအား ဇင်းရွာလမ်းပိုင်းအတွင်း ပိတ်ထားသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ပြီး ၎င်းလမ်းပိုင်းရှိ ကားလမ်းပေါ်တွင် ကားများရာချီ ပိတ်မိနေကြောင်း သိရသည်။
မြစ်ကြီးနား – ရွှေဘိုကြား ပိတ်မိနေသည့် ကားများတွင် လူနာတင်ယာဉ်များလည်း ပါဝင်နေ၍ ၎င်းလူနာတင်ယာဉ်များကို သွားခွင့်ပေးစေချင်ကြောင်း၊ ဖခင်ကို ရန်ကုန်တွင် ခွဲစိတ်ကုသရန် ပရဟိတကားဖြင့် အရေးပေါ် ဆင်းလာရသည်ဟု ဆိုသောအမျိုးသမီး တစ်ဦးက Kachinwaves ကို ပြောပြလာသည်။
မတ်လ ၃၀ ရက်နေ့မှစတင်ကာ ဇင်းရွာ စစ်ကောင်စီ အထိုင်စခန်းမှ ခမရ ၃၆၁ နှင့် ပျူစောထီးအင်အား ၁၅၀ ခန့်သည် ဇင်းရွာအနီးသို့ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ရှိနေသည့်အတွက် ၎င်းလမ်းကို တော်လှန်ရေးဘက်မှ ယာယီပိတ်ထားခြင်းဖြစ်သည်ဟု ရဲဘော်တစ်ဦးက ပြောပါသည်။
“စစ်ကြောင်းထိုးလိုက် တိုက်ပွဲဖြစ်လိုက်ဆိုတော့ ပြည်သူတွေ အန္တရာယ်ကင်းအောင် ယာယီပိတ်ထားတာပါ။ ပြီးရင်တော့ ပြန်ဖွင့်ပေးမှာပါ။”ဟု ဆိုသည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်လည်း ဇင်းရွာ စစ်ကောင်စီတပ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေကုန်းရွာရှိ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး တပ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ပြောသည်။