ကောလင်းမြို့ကို စစ်ကောင်စီပြန်လည်သိမ်းပိုက်ပြီးနောက် ကျေးရွာ ၈၀ ခန့် မီးရှို့ခံရပြီး စစ်ရှောင်ပြည်သူ ၃ သောင်းကျော် အကူညီများလိုအပ်နေ
30 March 2024 – Kachinwaves
ကောလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၈၀ ကျော်ကို စစ်ကောင်စီက ၂ လအတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေပေါင်း ၁ ထောင်ကျော် မီးလောက်ပျက်ဆီးခဲ့ကာ ပြည်သူ ၃ သောင်းကျော်လည်း စစ်ဘေးရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့အား စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်သိမ်းယူပြီးနောက် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးကာ မီးပတ်ရှို့နေသည်ဟု ကောလင်းဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“လက်ရှိအချိန်ထိတော့ ရွာပေါင်း ၈၀ လောက်ရှို့ထားပြီ၊ မြို့ထဲတော့ မပါဘူးပေါ့နော်။ မြို့ထဲကျတော့ မငြိမ်သေးတော့ ခန့်မှန်းရခက်တယ်၊ ပြောမရသေးဘူး။ အိမ်တွေလည်း ထောင်ချီရှိနေပြီပေါ့နော်၊ စစ်ရှောင်တွေကလည်း ၃ သောင်းလောက်ရှိနေပြီ အခက်ခဲတွေတော့ ရှိနေကြတယ်။”ဟု ဆိုသည်။
စစ်ဘေးရှောင်များ၏ ခက်ခဲမှုနှင့် ပတ်သက်ပြီးတော့လည်း ၎င်းရဲဘော်က ဆက်ပြောသည်။
“စစ်ရှောင်တွေက အရမ်းများတော့ လောက်ငှတဲ့ ထောက်ပံ့မှုမပေးနိုင်ကြဘူး။ တစ်ချို့တွေဆို ဘုန်းကြီးကျောင်းမှာတွေ ကပ်နေရတယ်။ ပြီးတော့ အခင်းတွေဘာတွေလည်း မလောက်တော့ အိပ်ရင်လည်း တမံသလင်းပေါ်မှာပဲ အိပ်ကြရတယ်။ စစ်ကောင်စီတပ်က ကောလင်းအနောက်ခြမ်း ယမတို့ ကျောက္ကာတို့ထိ စစ်ကြောင်းထိုးလာပြီး ဒရုန်းတွေနဲ့ကြဲနေတော့ အဲ့ဘက်က စစ်ရှောင်တွေကို နေရာရွေ့ထားရပြန်တယ်။”ဟု ဆိုသည်။
စစ်ရှောင်များထဲမှာ ကိုယ်ဝန်ဆောင်လည်းပါပြီး တောထဲမှာ စစ်ရှောင်ရင်း ကလေးမွေးကြတာလည်းရှိသလို ပိုလီယိုဝေဒနာသယ်၊ လေဖြတ်ထားသူများနှင့် အောက်ပိုင်းသေသည့်သူများလည်း ပါသည့်အတွက် အတော်လေးတော့ ဒုက္ခရောက်နေကြောင်းလည်း ဆက်ပြောသည်။
ကောလင်းမြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုင်နိုင်ခဲ့သည့်မြို့ ဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုင်ပြီးနောက် ၂ လကျော်ကြာ ၂၀၂၄ ခုနှစ် ဖော်ဝါရီလ ၁၂ ရက်နေတွင် စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။