မိုးကောင်းနဲ့ လွယ်ဂျယ်မှာ အရပ်သားနှစ်ဦး မိုင်းနင်းမိခဲ့
27 March 2024 – Kachinwaves
နွားရှာရင်းမိုင်းနင်းမိလို့ အရပ်သားထိခိုက်သေဆုံးမှုဖြစ်စဉ် ၂ ခု ကချင်ပြည်နယ်မှာ ယခုရက်ပိုင်းတွင်း ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မနေ့ကညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနင်းမိပြီး အသက် ၄၈ နှစ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မိုင်းနင်းမိခဲ့တဲ့နေရာဟာ ခလရ ၇၄ စစ်ကောင်စီတပ်ရင်းဝင်းအနီးမှာ ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီက ဒီကိစ္စကို ဖုံးကွယ်ထားလိုတဲ့ပုံပေါ်တယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“အခုအဲ့မိုင်းထိတဲ့ကိစ္စက စစ်တပ်က ပိတ်ထားတာ။ သူတို့နဲ့ ပဏာစားတဲ့ ပရဟိတအဖွဲ့ကိုပဲခေါ်ပြီး အလောင်းကောက်ခိုင်းတာ။ အလောင်းကောက်ခိုင်းပြီးမှ သတင်းအချက်အလက်တွေအားလုံးကို ဖုံးခိုင်းထားတာ”
မတ်လ ၂ ရက်နေ့တုန်းကလည်း အဲ့နေရာတဝိုက်မှာပဲ နွားကျောင်းရင်း နင်းမိုင်းထိလို့ အမျိုးသားတစ်ဦး ခြေထောက်ထိခိုက်ခဲ့ပါတယ်။
မိုးကောင်းဖြစ်စဉ်နဲ့အလားတူ မတ်လ ၂၄ ရက်နေ့က တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်ဘက်မှာလည်း မိုင်းနင်းမိလို့ အမျိုးသားတစ်ဦး ဗန်းမော်ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ လူနာအခြေအနေ မေးမြန်းခဲ့သူတစ်ဦးက ပြောပြပါတယ်။
“မိုင်းနင်းမိတာ။ ခြေဖြတ်ထားရတယ်။ ဆေးရုံမှာတွေ့လို့ မေးကြည့်တာ။ လွယ်ဂျယ်၊ ယောရုံဘက်မှာ နွားရှာရင်း နင်းမိတာ ပြောတယ်။”
လူနာအမျိုးသားဟာ အသက် ၃၀ နှစ် ဝန်းကျင်ရှိပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့လည်း သိထားရပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း ကချင်ပြည်နယ်အပါအဝင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မြေမြုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် လူထိခိုက်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ ပါတယ်။