စစ်ကောင်စီဘက်မှ ဒရုန်းဖြင့်ကြဲချသည့်ဗုံးကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၇ ဦးထိခိုက်
11 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက် ရွှေဘို – ဆိပ်ခွန်လမ်းပေါ်သို့ ရွှေဘိုအမှတ် (၈) လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်များက ယနေ့နေလယ်ပိုင်း ၁၁ နာရီမိနစ် ၄၀ အချိန်ခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲချခဲ့ကြောင်း ရွှေဘိုမြို့နယ် ပကဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
ဒရုန်းဖြင့် ဗုံးသီး ၃ လုံး လာရောက်ချခဲ့ရာ ရွှေဘိုမြို့မှ ၂ မိုင်ခန့်အကွာရှိ ချီပါကျေးရွာ တံတားကြီးအနောက်ဘက်ထိပ်တွင် ကျရောက်ပေါက်ကွဲခဲ့၍ လမ်းသွားလမ်းလာပြည်သူများ ထိခိုက်ခဲ့သည်ဟု ဆိုသည်။
“PDF တွေရှိတယ်ဆိုပြီး လာချတာနေမှာ လမ်းသွားလမ်းလာ ပြည်သူတွေပဲ ထိခိုက်သွားတယ်။”ဟု ၎င်းရဲဘော်က ဆိုသည်။
စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချီပါမြောက်ရွာမှ အမျိုးသား ၂ ယောက် မိန်းကလေး ၁ ယောက်၊ မဲတောရွာမှ ကလေး ၃ ယောက်၊ ထူးကြီး – တည်ပင်ရွာမှ အမျိုးသား ၁ ယောက်နှင့် ဆိပ်ခွန်ရွာမှ အမျိုးသား ၁ ယောက် စုစုပေါင်းအရပ်သားပြည်သူ ၇ ယောက် ထိခိုက်ခဲ့ကြောင်း သိရသည်။
ချီပါမြောက်ရွာမှ ယောက်ျားလေး ၂ ယောက်နှင့် မိန်းကလေး ၁ ယောက်ကတော့ စိုးရိမ်ရပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသမှုခံယူနေရကြောင်းလည်း ထပ်သိရသည်။
ဗုံးစထိမှန်ခဲ့သည့်အတွက် ဆိုင်ကယ်တစ်စီ မီးလောင်ခဲ့ပြီး ကားတစ်စီးလည်း ပျက်စီးခဲ့သည်ဟု သိရသည်။
မတ်လ ၉ ရက်နေ့တွင်လည်း ရွှေဘိုဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များ ရေချိုးဆင်းချိန် မိုင်းဖြင့်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။