မြစ်ကြီးနား လေဆိပ်ခရီးစဉ်များ ဖျက်သိမ်း
9 March 2024 – Kachinwaves
မြစ်ကြီးနားလေဆိပ်က ခရီးစဉ်တွေကို ဒီကနေ့နေ့ခင်းပိုင်းကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ ခရီးစဉ်ဖျက်သိမ်းခံလိုက်ရတဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
မနေ့ညနဲ့ ဒီနေ့မနက် အစောကတည်းက မြစ်ကြီးနားမြို့အထွက်မှာရှိတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွါးနေတဲ့ ဝိုင်းမော်မြို့အထွက်ဘက်ကို တွဲဒုံးနဲ့လှမ်းပစ်နေတာဖြစ်တယ်လို့လည်း သိထားရပါတယ်။
မနေ့က KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်လမ်းပိုင်းက အောင်မြေသစ်ရွာအဝင် အင်လုံခပြည်သူ့စစ်စခန်းနဲ့ မလိယန်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ကစပြီး KIA ပူးပေါင်းအဖွဲ့တွေဟာ မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိချိန်ထိ တပ်စခန်းအကြီး၊ အသေး ၁၀ ခုထက်မနည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်တဲ့ရက်ကစပြီး ဗန်းမော်မြို့လေဆိပ်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကြေညာထားပေမယ့် မြစ်ကြီးနားလေဆိပ်ပိတ်ထားမယ့် ကြေညာချက်တော့ တရားဝင်ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။