မီးလောင်လွယ်သည့် သစ်သားအိမ်များကို မီးအရင်ရှို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြော
17 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် နှစ်ဖက်ထိတွေ့မှုများ ဆက်ရှိနေပြီး စစ်ကောင်စီတပ်များမှ ပြည်သူ့ေနအိမ်များကို မီးရှို့နေကြောင်း သိရသည်။
Kachinwaves မှ ရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အချင်းချင်းစကားေပြာစက်ဖြင့် ညွှန်ကြားနေသည့် အသံဖိုင်တွင် “ပျဉ်တောင်အိမ် ၃ အိမ်ကျော်လာတဲ့ခါ မင်းတို့က ထောက်ထောက်ပြီးတော့ လာခဲ့ပေး၊ ဟိုမာလာထုတဲ့ဆီတွေကို မင်းတို့နောက်မှာ မဖြစ်စေနဲ့ အိမ်တွေဘာတွေ ဝင်ရှို့တဲ့ခါ အရမ်းကြီးခက်တဲ့အိမ်တွေဆိုမဝင်နဲ့ လောင်လို့လွယ်မယ့် တစ်နေရာလောက်ကနေထပ်ရှို့ ရတယ်လေ။ ဒီအိမ်တွေအကုန်လုံးက သစ်သားအိမ်တွေများတယ်။ အုတ်အိမ်တွေနည်းတယ်။”ဟု ပြောဆိုနေသည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ ဖေဖေါ်ဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ မြို့ဝန်းကျင်ရှိ ယောမြေနီ၊ ခွင်တောင်းရွာ၊ ကျူးတောရွာ၊ ယမရွာ စသည့်ကျေးရွာများဘက်လှည့်ကာ မီးရှို့နေကြောင်း ကောလင်းမြို့မှ တိမ်းရှောင်လာသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့ထဲကရှို့လို့ကုန်သွားပြီလေ ကျွန်တော်တို့အိမ်တွေလည်းပါသွားပြီ။ ရှို့စရာမရှိတော့ အခုရွာဘက်လှည့်လာပြီ။ ရွာတွေပတ်ရှို့နေပြီ။”ဟု ၎င်းအမျိုးသားက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များမှာ ကောလင်းမြို့နေရာအနှံ့တွင်တပ်စွဲကာ ဖြန့်ကျက်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ပြန်လည်သိမ်းယူနိုင်ရန် နည်းမျိုးစုံ ကြိုးစားလျှက်ရှိသည်။
ကောလင်းမြို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသောမြို့တစ်မြို့ဖြစ်သည်။