ခန္တီးတွင် ကုန်စည်လမ်းကြောင်းများ ရပ်ဆိုင်းသွားသဖြင့် အိန္ဒိယနယ်စပ်မှ အခြေခံစားသောက်ကုန်စည်များကို အားထားနေရ
16 February 2024 – Kachinwaves
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ဒေသတစ်ခွင်တွင် ယခင်က အဓိက ကုန်စည်တင်ပို့မှု လမ်းကြောင်းဖြစ်သော မန္တလေး၊ မုံရွာ၊ ဟုမ္မလင်း၊ ခန္တီး ချင်းတွင်းမြစ်ရေကြောင်းလမ်းသည် မိုင်းခွဲခံရခြင်း ဆပ်ကြေးကောက်ခံရခြင်းများကြောင့် ကုန်စည်တင်ပို့မှု ရပ်ဆိုင်းသွားပြီးနောက် ယခုအခါ အိန္ဒိယမှ တင်သွင်းသော အခြေခံ စားသောက်ကုန်များကို အားထားနေရကြောင်း သိရသည်။
”ကျွန်မတို့ ခန္တီးမှာကကြာပီ မနှစ်က ၇ လပိုင်းလောက်ကစပြီး ရေကြောင်းလမ်းတွေ ပိတ်သွားတာ။ ပိတ်တယ်ဆိုတာကလည်း လမ်းမှာက မိုင်းတွေ ခဏခဏခွဲခံရတယ် ပြောတယ်။ ပြီးတော့ SNA တွေကလည်း ဆပ်ကြေးကောက်တာ မော်တော်တစ်စီးကို သိန်းဆယ်နဲ့ချီဆိုတော့ မော်တော်သမားတွေက မခံနိုင်ကြတော့ မသွားကြတော့ဘူး။ အဓိကပိုဆိုးတာက ဆန်တွေအဓိကပို့တဲ့ ဟုမ္မလင်းမြို့နယ်က ပယောင်းရွာကို စစ်တပ်က မီးရှို့လိုက်တယ်တဲ့။ အဲ့ကတည်းက ဆန်စျေးလည်း မတရားတက်သွားတာပဲ။ ကုန်တွေဘာမှ မရောက်လာတော့ စျေးတွေလည်း ခေါင်ခိုက်နေအောင် တက်သွားတယ်။ ပြီးတော့ ပစ္စည်းတွေကပြတ်တော့ ငွေရှိရင်တောင် ဝယ်လို့မရတာမျိုး။ အခုနောက်ပိုင်းမှ အိန္ဒိယနယ်စပ်ဘက်က ဝင်လာတဲ့ကုန်ပစ္စည်းတွေရှိလာလို့ နည်းနည်းအဆင်ပြေလာတာ။”ဟု ခန္တီးမြို့ဒေသခံတစ်ဦးမှ ပြောပြသည်။
ခန္တီးမြို့နယ်တွင် ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် လွန်ခဲ့သည့်လအနည်းငယ်က ဆန်တစ်အိတ် ၃ သိန်း၊ ဆီတစ်ပိဿ ၂ သောင်းကျပ်၊ ကြက်ဥတစ်လုံး ၁၂၀၀၊ ခရမ်းချဥ်သီးတစ်ပိဿ ၃ သောင်း ကျပ်နှင့် ဓာတ်ဆီတစ်လီတာ ၁ သောင်းကျပ်အထိ ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ အိန္ဒိယနယ်စပ်မှ အခြေခံ စားသောက်ကုန်များ ဝင်ရောက်လာပြီးနောက် ကုန်စျေးနှုန်းများလည်း သိသိသာသာ ကျဆင်းလာခဲ့ကြောင်း သိရပါသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ လက်ရှိတွင် အိန္ဒိယနှင့် မြန်မာနယ်စပ်ကြားတွင် တည်ရှိသော နာဂရွာများဖြစ်သည့် လောင်ဝါးတင်ခါးကျေးရွာ၊ ကာမူလောကြီးကျေးရွာနှင့် ရန်းကျောင်းကျေးရွာများမှတဆင့် ပန်ဆောင်၊ နန်းယွင်းနှင့် လဟယ်မြို့များကို ဖြတ်သန်းကာ ခန္တီးဒေသသို့ အခြေခံ စားသောက်ကုန်များကို အဓိက တင်ပို့နေကြောင်း သိရသည်။
လမ်းကြောင်းအားဖြင့် တစ်ရက်ခန့်ကြာမြင့်ကာ ကားနှင့်ဆိုင်ကယ်များကို အသုံးပြုရပြီး လမ်းခရီးကြမ်းတမ်းကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေကြောင်းလမ်းကို သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ပြီး တစ်လလျှင် အများဆုံး ၃ ခေါက်သာ သွားလာခွင့်ပြုထားကြောင်း သိရသည်။ ထို့ပြင် ကချင်ပြည်နယ် ဖားကန့်၊ တာမခန်မှ ကုန်ပစ္စည်းများကိုလည်း ခန္တီးမြို့နယ် နန်စီပွန်ဒေသမှတဆင့် ဆိုင်ကယ်ကယ်ရီများဖြင့် သယ်ပို့ရောင်းချနေကြောင်း သိရပါသည်။