တပ်မဟာ ၃ နယ်မြေထဲက အရေးကြီးစခန်းကုန်းတစ်ခုဖြစ်တဲ့ ပလောင်ဒိန်ဆာကို KIA ပြန်သိမ်းပိုက်
2 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းက ပလောင်ဒိန်ဆာစခန်းကုန်းကို KIA က သိမ်းပိုက်လိုက်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။
ဖေဖော်ရီလ ၁ ရက် မနေ့ကမနက် ၉ နာရီကတည်းက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းကိုသိမ်းနိုင်ခဲ့ပြီး ဒီကနေ့မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ပလောင်ဒိန်ဆာတောင်ကုန်းက စစ်တပ်စခန်းတွေကို ကျွန်တော်တို့ KIA ဘက်ကနေ နယ်မြေရှင်းလင်းရေး လုပ်နေတုန်း ဖြစ်ပါတယ်။ သူတို့က အကုန်လုံးထွက်ပြေးပြီးတော့ သူတို့ချန်ထားတဲ့ပစ္စည်းတွေကို စစ်ဆေးနေတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။”
ပလောင်ဒိန်ဆာ (Balawng Dingsa) စခန်းကုန်းဟာ ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကာလတုန်းက KIA ဆုတ်ခွာခဲ့ရတဲ့စခန်းဖြစ်ပြီး ဗျူဟာကျတဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
“ပလောင်ဒိန်ဆာတပ်စခန်းကတော့ လွန်ခဲ့တဲ့အချိန်က KIA ရဲ့တပ်ရင်း ၁၂ လည်း ထိုင်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။ နောက်တပ်ရင်း ၂၇ လည်း အဲ့မှာစခန်းထိုင်ဖူးတဲ့နယ်မြေ ဖြစ်ပါတယ်။ ၂၀၁၁ တုန်းကလား သေချာတော့ မမှတ်မိတော့ဘူး။ အဲ့တုန်းက ကျွန်တော်တို့ ဆုတ်ခွာသွားတဲ့ ကုန်းဖြစ်ပါတယ်။”
သိမ်းဆည်းနိုင်ခဲ့တဲ့ ပလောင်ဒိန်ဆာစခန်းကုန်းဟာ မံစီနဲ့ မံဝိန်းကြီးဒေသကြားထဲမှာရှိပြီး တောင်ကုန်းနေရာမှာ အထိုင်ချထားတဲ့အတွက်ကြောင့် ဗျူဟာကျတဲ့စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တဲ့ ဂိုက်ထိပ် (Kai Htik) စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီစခန်းဟာ ဒီကနေ့မနက်သိမ်းနိုင်ခဲ့တဲ့ ပလောင်ဒိန်ဆာကုန်းနဲ့ မံစီ၊ မံဝိန်းကြီးဒေသက အခြားစခန်းကုန်းတွေကို အကာအကွယ်ပေးတဲ့ စခန်းကုန်းကြီး ဖြစ်ပါတယ်။