မြို့သိမ်းခါနီး ဆုတ်ခွာခဲ့တဲ့ မိုးမြိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ပြည်သူ့နေအိမ်တွေ ဖျက်ဆီးခံနေရ
1 February 2024 – Kachinwaves
စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်တဲ့ မိုးမိတ်မြို့မှာ အရပ်သားပြည်သူရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေကြတဲ့အပြင် အရပ်သားတွေကို အဓမ္မပြုကျင့်သတ်ဖြတ်တာတွေပါ လုပ်နေတယ်လို့ မိုးမိတ်မြို့ခံတွေထံက သိရပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီဘက်က မိုးမိတ်မြို့ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းနဲ့ဓာတ်ပုံတွေကို စစ်ကောင်စီမီးဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက် မြို့အတွင်းကို စစ်တပ်ကပြန်လည်ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို ဖောက်ထွင်းမီးရှို့ခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“အိမ်တွေကိုဖောက်တယ်။ ပြီးရင်သူတို့လိုချင်တာယူပြီး မီးရှို့တယ်။ တပ်မ ၉၉ က ကောင်တွေပါ။ ခုဆိုမြို့က မြို့ပျက်တဲ့အထိ ဖြစ်သွားပါပြီ”
ဒါ့အပြင် မြို့ထဲပိတ်မိနေတဲ့ အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်တာတွေရှိတယ်လို့ သိထားရပြီး ဒီကိစ္စနဲ့ပက်သက်တဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။
စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် မိုးမိတ်မြို့နဲ့ကပ်လျက်တည်ရှိတဲ့ ရွှေဇာလီကျေးရွာ၊ ရွာတော်လေးကျေးရွာ၊ ကြည်တော်စုကျေးရွာ၊ မိုးမိတ်မြို့လယ်နဲ့ လက်ခုပ်တန်းရပ်ကွက် စတဲ့နေရာတွေဟာ ပျက်စီးဆုံးရှုံးမှု အများဆုံးနေရာတွေ ဖြစ်နေတယ်လို့ အဲ့ဒီဒေသခံထံက သိရပါတယ်။
မိုးမိတ်မြို့သိမ်းစစ်ဆင်ရေးကို ဇန်နဝါရီလ ၁၈ ရက်နေ့က KIA၊ AA၊ ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၈ ရက်နေ့မှာတော့ စစ်တပ်ကမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီ ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက မိုးမြိတ်တိုက်ပွဲကနေ ဆုတ်ခွာခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပက်သက်ပြီး KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုလိုပဲ ဖြေကြားပါတယ်။
“အဲ့ဒီမိုးမိတ်ဘက်ကသတင်းကတော့ ကျွန်တော်တို့ဘက်က အတည်ပြုတဲ့ သတင်းတွေဘာမှ မကြားဘူး။ ပြောချင်တာကတော့ တိုက်ပွဲဖြစ်တုန်းကလည်း ကျွန်တော်တို့ဘက်က KIA တွေက ဘယ်လောက်ထိ ပါဝင်တယ်ဆိုတဲ့ သတင်းတွေလည်း မကြားဘူး။ အခုလည်းပြန်ဆုတ်တယ်၊ ပြန်လွတ်သွားတယ် ဆိုတဲ့သတင်းတွေ ကျွန်တော်တို့ အတည်ပြုနိုင်တဲ့သတင်း မကြားဘူး။ အခုအဲ့လိုဖြစ်နေပါတယ်။”
TNLA က မိုးမိတ်ကို တိုက်မယ်ဆိုတဲ့အတွက် နောက်ဆုတ်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီကိစ္စနဲ့ပက်သက်ပြီး TNLA ဘက်က ထုတ်ဖော်ပြောဆိုထားတာမျိုး မတွေ့ရသေးပါဘူး။