နန်းမားမြို့တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စကစ ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးထိခိုက်
26 January 2024- Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး အရပ်သားထိခိုက်မှုရှိကြောင်း သိရသည််။
တိုက်ပွဲမဖြစ်ဘဲ ယနေ့ညနေ ၄ နာရီဝန်းကျင်က နန်းမားမြို့၊ နန့်ဆော်လော်ရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီး ၄ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း နန်းမားမြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။
“ဘယ်ကပစ်နေတယ် မသိ။ ပစ်သံမကြားရဘဲ ကျတဲ့အသံပဲ။ နှစ်ဖက် ပစ်ခတ်ကြ တိုက်ကြတာကိုတော့ စိုးရိမ်စရာ မရှိသလောက်ဖြစ်ပေမယ့်။ လက်နက်ကြီးကိုပဲ ခုက ရမ်းပစ်နေလို့ ကျချင်တဲ့နေရာကျ ဆိုသလို ဖြစ်နေတယ်။”
ယမန်နေ့မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း နန့်ဆော်လော်ရွာအနီးရှိ နန်ခမ့်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ့ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
“နန့်ခမ်းမှာ။ နန့်စော်လော်သွားတဲ့ လမ်းဘေး၊ ညောင်လေးပင်ဘက်ခြမ်း၊ တစ်ယောက်ထိတယ်။ ခေါင်းကို အစထိမှန်တာ”
ထိခိုက်ဒဏ်ရာရသူကို မိုးညှင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် မြစ်ကြီးနားဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း သိရသည်။
နန်းမား အမှတ် (၃၈၆) အမြောက်တပ်သည် ယခင်ကလည်း အရပ်သားများနေသည့်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးမှု ရှိခဲ့ဖူးသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ဦးတည်ပစ်ခတ်နေသည့် နန့်ဆော်လော်ရွာတွင် ၂၀၂၃ ခုနှစ် မေလက စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ဖူးသည်။