ဖားကန့် ဆိုင်းတောင်းတိုက်ပွဲတွင် အရပ်သား ၄ ဦးသေဆုံး၊ ဖမ်းဆီးခံရသူများလည်းရှိ၊ နေအိမ်နှင့် ဘုရားကျောင်း လက်နက်ကျည်ထိ
21 January 2024 – Kachinwaves
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ညက အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိကြောင်း သိရသည်။
သေဆုံးသူများ ၄ ဦးအနက် ၃ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းတောင်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။
“မနေ့က ဖားကန့်၊ ဆိပ်မူ (ဆိုင်းတောင်) တိုက်ပွဲမှာ အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးတယ်။ စစ်ကောင်စီက လမ်းပေါ်ရှိတဲ့သူတွေကို ပစ်သတ်သွားတာ။”
သေဆုံးသူများမှာ ဦးခင်မောင်ဇော် အသက် ၃၅ နှစ်၊ ကိုကောင်းစက် အသက် ၃၄ နှစ်၊ မူးယစ်ဆေးစွဲနေသည့် အိမ်ခြေယာမဲ့တစ်ဦးနှင့် အမည်မဖော်လိုသူတစ်ဦးတို့ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရပ်ရွာနေအိမ်အတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေပိုင်းက ဖားကန့်မှ ဝှေခါဘက်သို့ စစ်ကူဆင်းလာသည့် စစ်ကား ၃ စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဆိုင်းတောင်သင်္ချိုင်းကုန်းအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ဖားကန့်မြို့သို့ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို လိုက်လံပစ်ခတ်ရင်း တိုက်ပွဲမှာဆိုင်းတောင်ကျေးရွာအတွင်း ရောက်ရှိခဲ့ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ရပ်ရွာအတွင်းရှိ နေအိမ်အချို့နှင့် ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုင်းတောင်ကျေးရွာနေ အခြားသတင်းရင်းမြစ်က ဆိုသည်။
“ကျည်မှန်တဲ့ အိမ်လည်းမှန်တယ်။ လက်နက်ကြီးကျတဲ့အိမ်လည်း ကျတယ်။ အိမ်တွေကတော့ မှန်တွေကွဲပြီး ကျည်ဆန်ရာတွေပဲ။ ကျွန်တော်တို့ အိမ်နားကတောင် လက်နက်ကြီးကျတာ ခေါင်မိုးပွင့်သွားတယ်။”
ရုတ်တရက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အရပ်သားများပိတ်မိနေခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားနေချိန် လမ်းပေါ်တွင်ရှိသည့် အမျိုးသားအချို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်းလည်း ၎င်းကပြောသည်။
ယမန်နေ့ည ၈ နာရီကစပြီး တိုက်ပွဲရပ်နားသွားပြီး အခြေအနေများ ငြိမ်သက်သွားသော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်ကြောင့်ကြနေကြသည်။