စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်ပြည်သူ ၃ ဦး ထပ်မံသေဆုံး
3 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ယနေ့လည်း ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း Tigyaing Revolution-TR ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် တံတားဦးမှတက်လာသော ဂျက်ဖိုက်တာတစ်စီးမှာ ဒိုးပင်ရွာတွင် တစ်ကြိမ်နှင့် ကြူးတောင်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နေ့လယ်ပိုင်း ၁၁ နာရီအချိန်ခန့်တွင်လည်း မြစ်ကြီးနားမှတက်လာသော ဂျက်ဖိုက်တာတစ်စီးမှာ ဝဲကြီး (တောမ)ရွာသို့ ၃ ကြိမ် ဗုံးကြဲချသွားကြောင်း ထီးချိုင့်မြို့နယ် တောလှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ဒိုးပင်၊ ကြူးတောင်ခြေနဲ့ ဝဲကြီး(တောမ)ရွာဘက်တွေကို အစုံကြဲချသွားတာပဲ။ ဝဲကြီး(တောမ)ရွာက ပြည်သူတွေတော့ ထိကုန်တာပါ့။”ဟု ၎င်းက ပြောသည်။
ဝဲကြီး(တောမရွာ)မှ အုပ်ချုပ်ရေးမှူး၏နေအိမ်အပါအဝင် တခြားပြည်သူအိမ်များ ထိခိုက်ခဲ့ပြီး အသက် ၆၅နှစ်၊ ၄၀ နှစ်ကျော်နှင့် ၃၀ နှစ်ခန့်အရွယ် အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်းမှစတင်ပြီး ထီးချိုင့်တဖက်ကမ်း မြတောင်ရွာနှင့် ထီးချိုင့်တောင်ရိုးပေါ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ထီးချိုင့်မြို့သိမ်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအပြင် ဒရုန်းဖြင့် နေစဉ်နီးပါး တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။