ပစ်ချခံရသည့် ရဟတ်ယာဉ်နှင့်အတူ လိုက်ပါစီးနင်းသူများ သေဆုံး၊ လိုင်စင်ဘက် စကစ လေကြောင်း ပစ်ခတ်မှုရှိ
3 January 2024 – Kachinwaves
ယနေ့ နေ့လယ်ပိုင်း ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် နာဖေါ့စစ်ကောင်စီတပ်စခန်းသို့ စစ်လက်နက်နှင့် ရိက္ခာများကို သွားရောက်ပို့ဆောင်ပေးသည့် စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ လိုက်ပါစီးနင်းလာသူများသေဆုံးကြောင်း သိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ကန်ဒေါင်ယန်တပ်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နာဖေါ့တပ်စခန်းသို့ ရိက္ခာလက်နက် ထောက်ပို့ပေးရန် လမ်းကြောင်းခက်ခဲသွားသောကြောင့် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးနေစဉ် KIA မှ ပစ်ချလိုက်ခြင်း ဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။
ယနေ့ပစ်ချခံရသည့် ရဟတ်ယာဉ်တွင် လိုက်ပါစီးနင်းလာသူ ခုနှစ်ဦးထဲမှ ၆ ဦးသေဆုံးပြီး တစ်ဦးကို ဖမ်းမိကြောင်းသတင်းထွက်ပေါ့နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
သေဆုံးသူများတွင် သုံးပွင့်ဗိုလ်ကြီး (Kaung San Thein) ၏ အလောင်းလည်း ပါရှိသည်ကို တွေ့ရသည်။
လေယာဉ်ပစ်ချခံရပြီးနောက် ယနေ့ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီက KIA ထိန်းချုပ်နယ်မြေ လိုင်စင်ဒေသသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုိလ်ကြဲတိုက်ခိုက်ခဲ့ကြောင်း KIO ပြန်ကြားရေးက သတင်းဖော်ပြထားသည်။
KIA တပ်မဟာ ၁၊ တပ်ရင်း ၇ ကလည်း ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့မှစပြီး ပူတာအိုဘက်က ခရမ်းထီးဒမ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သွားရောက်ပစ်ကူပေးနေကြောင်း သိရသည်။