ကွတ်ခိုင်မြို့တွင်း တိုက်ပွဲတွင် ဒရုန်းဖြင့် အပြန်အလှန်တိုက်ခိုက်မှုအပြင် စကစ ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများရှိ
2 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး မြို့ဘက်သို့ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြို့တွင်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
နှစ်ဖက်အဖွဲ့က လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်နေကြပြီး စစ်ကောင်စီက ကွတ်ခိုင် မြို့တွင်း၊ မြို့ပြင်ကို ယမန်နေ့ကစပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။
ခလရ (၄၅) အမြောက်တပ်နှင့် မြို့အနီးရှိစေတီကုန်း (ခေါ်) လွယ်ဆမ်ဆစ်တောင်တွင် တပ်ထိုင်ထားသည့် စစ်ကောင်စီတပ်က မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
မြို့အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနှင့် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သည့်အတွက် အရပ်သားထိခိုက်မှုများ၊ အသက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသော်လည်း ထိခိုက်သေဆုံးမှု အချက်အလက်ကို တိကျမသိရသေးပါ။
ကွတ်ခိုင်ဒေသခံများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း တိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိနေကြောင်းပိုစ့်များကို တွေ့နေရသည်။