ဆားမှော်ကျေးရွာအုပ်စုရှိ စစ်ရှောင်များအတွက် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပြီးစီးသည့် အိမ်ရာအပ်နှင်းဆုတောင်းခြင်း အခမ်းအနား ကျင်းပခဲ့
1 January 2024 – Kachinwaves
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၊ ခါနန်ရပ်ကွက်ရှိ စစ်ရှောင်စခန်း (IDPs camp)မှ စစ်ရှောင်ပြည်သူများကို ရပ်ရွာဒေသခံလူထုများ၊ အသင်းတော်နှင့် သက်ဆိုင်ရာလူကြီးများ ဝိုင်းဝန်းစုပေါင်းပြီး အိမ်ရာများဆောက်လုပ် နေရာချပေးခဲ့ကြောင်းသိရပါသည်။
ကချင်ဒေသအတွင်း တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ၂၀၁၃ ခုနှစ်တွင် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စု အရှေ့ဘက်၌တည်ရှိသော ကျေးရွာကလေးဖြစ်သည့် ဆွတ်လဲန်ယာန်နှင့် ဂေါ့နန်ကျေးရွာမှ ဒေသခံအိမ်ထောင်စုတစ်ရာကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။
ထို့ထဲမှ အိမ်ထောင်စု ၂၅ စုကျော်ခန့်မှာ ဆားမှော်ကျေးရွာသို့ လာရောက်ခိုလှုံခဲ့ကြသဖြင့် ၂၀၁၅ ခုနှစ် မတ်လမှစတင်ကာ အသင်းတော်တာဝန်ရှိသူများနှင့် ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်၍ စစ်ရှောင်စခန်းကို နေရာချပပေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မငြိမ်သက်နိုင်သေးသော ပြည်တွင်းစစ်အတွင်း နေရပ်သို့ပြန်ရန် အခက်အခဲများရှိနေသေးသဖြင့် ဆားမှော်ကျေးရွာမှ အသင်းတော်တာဝန်ခံများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံလူထုများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ စစ်ရှောင်ပြည်သူများအတွက် ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရာချပေးထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းစစ်ရှောင်များအတွက် ဆောက်လုပ်ပြီးစီးသည့် ကိုယ်ပိုင်အိမ်ရာအပ်နှင်းပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။