သတ်ဖြတ်ခံရသူ မိုးတားတိုက်နယ် ပကဖ ရဲဘော် ၃ ဦး၏ ခန္ဓာကိုယ်တွင် ကျားဘီလူးစစ်ကြောင်းဟု ရေးသွား
20 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားတိုက်နယ်၏ ပကဖရဲဘော် ၃ ဦးမှာ စစ်ဆင်ရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီစစ်ကြောင်းနှင့်တိုးမိကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း မိုးတားတိုက်နယ် ပကဖရဲဘော်တစ်ဦးထံမှ သိရသည်။
ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်ခန့်တွင် မင်္ဂလာသုခ (နကူး)ရွာကို ပစ်ခတ်ဝင်လာသော အင်အား ၆၀ ခန့်ပါ ရှမ်းနီတပ်မတော် (SNA) နှင့် တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းနှင့် တိုးမိကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း မိုးတားတိုက်နယ် ပကဖရဲဘော်တစ်ဦး ပြောသည်။
“သူတို့က ဒရုန်းနဲ့ချမယ်ဆိုပြီး ရဲဘော် ၄ ယောက် ဆိုင်ကယ်နဲ့ထွက်သွားတာ ၃ ဦးကတော့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်။ ၁ ဦးကတော့ လွတ်မြောက်သွားတယ်။”ဟု ၎င်းမှဆိုသည်။
သတ်ဖြတ်ခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းတွင်လည်း ကျားဘီလူးစစ်ကြောင်းဟု ရေးသားထားကြောင်း ၎င်းကဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သည့် V5 plus ဒရုန်းတစ်စီး၊ ပဒိန် ၂ လက်၊ ပါရီ ၁ လက်၊ အတို ၁ လက်တို့ကို စစ်ကောင်စီသိမ်းဆည်းသွားပြီး ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် မင်္ဂလာသုခကျေးရွာမှ နေအိမ် ၄ လုံးလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အခုအခါတွင် စစ်ကောင်စီစစ်ကြောင်းမှာ ကသာမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်လည်း ပင်းမလွတ်ကျေးရွာတွင် KIA ထောက်လှမ်းရေးရဲဘော် ၃ ဦးအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်။