စစ်ကောင်စီတပ်က စပါးရိတ်သူများအဖြစ် ဟန်ဆောင်ကာ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီး
20 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အင်အား ၇၀ ခန့်ရှိသော ခမရ (၇၀၈) စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် တော်လှန်ရေး ရဲဘော်များထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ကာ ရေဦးမြို့ကားလမ်းဘက်မှ စတင်ထွက်ခွာလာပြီးနောက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဒီပဲယင်းနယ် အရှေ့ဘက်ခြမ်းသို့ စတင်စစ်ကြောင်းထိုးဝင်ရောက်လာ၍ အောင်ချမ်းသာကျေးရွာမှ ကုန်တင်ကားကြီး ၁ စီးကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ပင်စီကျေးရွာမှ တိုက်အိမ်တစ်လုံးနှင့် အိမ်စီးကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တစ်ဦး ပြောသည်။
“သူတို့က အရင်ဆုံး ၁၀ ယောက်လောက်က တံစဉ်တွေကိုင်ပြီး စပါးရိတ်သူတွေအဖြစ် ဟန်ဆောင်ပြီးလာတာ ပြီးမှ ပုဆိုးခြုံထဲကနေ ဂန်းတွေထုတ်ပြီး ရွာထဲဝင်ပစ်တာ၊ ပြီးတော့ နောက်ကနေ စစ်တပ်အလုံးအရင်းနဲ့ လိုက်ချလာခဲ့ပြီးတော့ ရွာတွေကို မီးရှို့တော့တာပဲ”ဟု ၎င်းရဲဘော်က ဆိုသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ၎င်းစစ်ကောင်စီတပ်သည် ပင်စီကျေးရွာမှ ခွန်တောင်ကျေးရွာသို့ ဆက်လက်ဝင်ရောက်လာပြီး ပြည်သူများ၏ ထန်းရွက်တဲ (၂) လုံးနှင့် ပုဂံကျေးရွာမှ နေအိမ် (၈) လုံး၊ စပါးတင်းရေ (၆၀၀) ခန့်ထည့်ထားသော စပါးတိုက်တစ်လုံးအား ထပ်မံမီးရှိဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
ယခုအချိန်တွင် စစ်ကောင်စီတပ်များသည် မှန်သာရွာတွင် ရောက်ရှိနေပြီး ၎င်းရွာအနီးရှိ အောင်ချမ်းသာ၊ ပင်စီ၊ ခွန်တောင်း၊ ပုဂံ၊ လက်တီး၊ ယင်းဒွေ၊ ငြိမ်းချမ်းရွာသစ်၊ မဲသယ်၊ ဝဘာ၊ မှန်သာကြီး၊ အင်းတန်း၊ တောကျောင်း၊ သာစည်၊ ချောင်းနား စသည့်ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်မှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
===