လက်နက်ကြီးသံတွေ ပြန်ဆူညံလာတဲ့ ကချင်ပြည်နယ်မှာ ကြီးမားတဲ့ စခန်းသိမ်း၊ မြို့သိမ်း စစ်ဆင်းရေးအထိ စစ်ရှိန်မြင့်လာပါ့မလား
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
19 December 2023 – Kachinwaves
အခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှာ မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးက စစ်ကောင်စီရဲ့ အောင်ဂျာစခန်းကုန်းနဲ့ ကန်ဒေါင်ယန်စခန်းကုန်းကို KIA၊ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ဘက်ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KIA တပ်ဖွဲ့ဟာ မြစ်ကြီးနား – ဗန်းမော်လမ်းကြောမှာ နေတဲ့ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူတဲ့အတွက် လိုင်ဇာနားက KIA ဌာနချုပ်ကို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရတာဖြစ်ကြောင်းနဲ့ လမ်းကြောက လုံခြုံရေးစခန်းတွေကို ထပ်မံတိုက်ခိုက်ခံရရင် ဆက်ပြီးလက်တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့တာပါ။ အဲ့ဒီနောက် နိုဝင်ဘာလအတွင်း ဗန်းမော် – မြစ်ကြီးနားလမ်းကြောက တိုက်ပွဲတွေငြိမ်သွားပေမယ့် အခြားနယ်မြေတွေမှာတော့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။
KIA တပ်မဟာ ၅ နယ်မြေ လိုင်ဇာဒေသမှာ တိုက်ပွဲတွေငြိမ်သွားခဲ့ပေမယ့် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တနိုင်းမြို့နယ်၊ တလူးရွာဘက်က စစ်ကောင်စီစခန်း၊ မိုးကောင်းမြို့နယ်အတွင်းက စပါးကုန်းစခန်း၊ တပ်မဟာ ၈ နယ်မြေ၊ မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ ဘီလူးမြို့ လေသာကုန်းစခန်း၊ ရွှေကူမြို့ မြို့လှမြို့အနီးက ရွှေငြိမ်းချမ်းစခန်း စတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေရှိခဲ့ပါတယ်။
အဲ့ဒီနောက် ဒီဇင်ဘာ ၁၅ ရက်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်းရဲ့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်လမ်းကြောင်းဘက်က တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းနဲ့ ဝိုင်းမော်မြို့နယ် ဘော်ဆာဒီးကျေးရွာ ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ် လိုင်ဇာဒေသဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်လာပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ပြန်လည်ဆူညံလာသလို လေကြောင်းတိုက်ခိုက်မှု သတင်းတွေလည်း ကြားနေရပါတယ်။ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းရှိရာ တောင်ကုန်းတွေဖြစ်တဲ့ ခါယာ၊ ဘွမ်ရဲ စတဲ့ နေရာတွေကနေ ပစ်ခတ်နေပြီး KIA ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး သတင်းထုတ်လွှင့်တဲ့ ဒီနေ့အထိ လိုင်ဇာအနီးတစ်ဝိုက်မှာ လက်နက်ကြီးသံတွေ နေ့စဉ်ရက်ဆက် ကြားနေရတယ်လို့ လိုင်ဇာမြို့နေပြည်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းဘေး ခါယာတောင်ကို စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာလည်း ခါယာတောင်ဘက်ကို အားဖြည့်လာတဲ့စစ်ကြောင်းတွေနဲ့ ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လိုင်ဇာမြို့အနီးက မိုင်ဆတ်ပါ စစ်ဆေးရေးဂိတ်နဲ့ ခါယာတောင်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်မြင့်လာတဲ့နောက်ပိုင်း အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရှိတဲ့ ရှမ်း၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင် ပြည်နယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် အင်အားစုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းဘက်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့အချိန် ကချင်ပြည်နယ် အတွင်းမှာတော့ စခန်းငယ်သိမ်းတိုက်ပွဲတွေကလွဲရင် စစ်ဆင်ရေးအရှိန်မြှင့်တဲ့ စစ်ရေးအခြေအနေကို လက်ရှိအချိန်အထိ မမြင်တွေ့ရသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၃ နှစ်အတွင်းမှာ KIA အနေနဲ့ သာမန်စစ်ကြောင်းထိုး ထိတွေ့တိုက်ပွဲတွေထက် စခန်းသိမ်းတိုက်ပွဲတွေကို ပိုမိုဖော်ဆောင်လာတာ မြင်တွေ့ရပါတယ်။ ဒါ့အပြင် KIA ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်းက မော်လူးမြို့ဟာ ကချင်ပြည်နယ်နဲ့ အနီးဆုံးနေရာ ကချင် – စစ်ကိုင်းအစပ်မှာတည်ရှိပြီး ယင်းမြို့ဟာ KIA တပ်မဟာ ၈ နယ်မြေအတွင်း ကျရောက်ပါတယ်။
မသိမသာ တဖြည်းဖြည်းအရှိန်မြှင့် စစ်ကစားလာတဲ့ KIA ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ခပ်စိပ်စိပ်တွေ့ မြင်လာရတာ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ဆက်လက် အရှိန်ကောင်းဆဲဖြစ်တဲ့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နဲ့ ချင်း ပြည်နယ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေနဲ့အတူ ကချင်ပြည်နယ်မှာလည်း နောက်ထပ် ကြီးမားတဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမယ့် စစ်ဆင်းရေးအထိ စစ်ရှိန်မြင့်တက်လာမလားဆိုတာ စောင့်ကြည့်ရပါအုံးမယ်။