မြစ်ကြီးနားမြို့နယ် သာပဒေါင်းရွာအနီး စကစ စစ်ကြောင်း တိုက်ခိုက်ခံရ၊ တိုက်ပွဲဖြစ်ပွားပြီး ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့
17 December 2023 – Kachinwaves
မြစ်ကြီးနားမြို့နယ် သာပဒေါင်းရွာဝန်းကျင်တွင် ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာအခြေစိုက် ခမရ (၃၂၁) တပ်ရင်းမှ စစ်ကူရောက်လာသော စစ်ကောင်စီစစ်ကြောင်းအား KIA က ယနေ့ နံနက်ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ သာပဒေါင်းရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့သည့်အပြင် ရွှေညောင်ပင်တပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း KIO သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားသည်။
သာပဒေါင်းရွာနှင့် ဆက်စပ်နေသည့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့နယ် ဘော်ဆာဒီးရွာရှိ ပြည်သူ့စစ်စခန်းနှစ်ခုကို ဒီဇင်ဘာ ၁၅ ရက်နေ့၌ KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်စခန်းနှစ်ခု သိမ်းပိုက်ခံရသည့်နေ့တွင် စစ်ကောင်စီတပ်က KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့နှင့် လိုင်ဇာဒေသ မိုင်ဆတ်ပါရွာသို့ လက်နက်ကြီးနှင့် လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား – ဗန်းမော်လမ်း လိုင်းဇာဒေသအနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းအထိုင်ချထားသည့် တောင်များဖြစ်သော ဘွမ်ရဲနှင့် ခယာဘွမ်စခန်းများမှလည်း လက်နက်ကြီးဖြင့် လိုင်းဇာဘက်သို့ ပစ်ခတ်ခဲ့၍ KIA မှ တန်ပြန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လိုင်ဇာဒေသအနီးဝန်းကျင်တွင် တိုက်ပွဲများရက်ဆက်ပြန်လည် ဖြစ်ပွားလာသည်မှာ ၅ ရက်ရှိလာပြီဖြစ်သည်။