လိုင်ဇာဒေသအနီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောတွင် KIA နှင့် စကစ တပ် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်
16 December 2023 – Kachinwaves
KIO ဌာနချုပ်၊ လိုင်ဇာဒေသတွင် ယနေ့နံနက်မှ ညဦးပိုင်းထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ကြောင်း သိရသည်။
မိုးမောက်မြို့နယ်အတွင်းရှိ ဘွမ်ရဲတောင်အထိုင်ချ စစ်ကောင်စီတပ်နှင့် KIA တို့ နံနက် ၁၀ နာရီမှစတင်ပြီး ညဦးပိုင်းအထိ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“ဆယ်နာရီလောက်က စပစ်တာ။ နားပစ်မို့ တစ်ရက်လုံးပဲ”
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ ခယာဘွမ်စခန်းကုန်းအတွက် ကား (၁၈)စီးဖြင့် စစ်လက်နက်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းအား KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းပြန်ကြားရေးဌာနကလည်း သတင်းဖော်ပြထားသည်။
ယခုရက်ပိုင်း ဒီဇင်ဘာ ၁၃ ရက်နေ့မှစပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွါးနေသည်။
ယမန်နေ့ကလည်း လိုင်ဇာအပြင် KIA ထိန်းချုပ်နယ်မြေ မိိုင်ဂျာယန်မြို့သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် လိုင်ဇာမြို့နှင့် နမ်ဆန်ယန်ကျေးရွာအကြားရှိ မိုင်ဆတ်ပါရွာဝန်းကျင်ကို လေယာဉ်ဖြင့်ပစ်ခတ်ခဲ့၍ နွားကျောင်းနေသည့် အရပ်သားတစ်ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။