စစ်ခေါင်းဆောင်တွေအပေါ် သိစ္စာရှိနေရင် အသက် မလုံခြုံတော့ပါ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
12 December 2023 – Kachiwanves
ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ အလံဖြူမထောင် အညံ့မခံဘဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် သိစ္စာရှိစွာ အသက်ပေးဆပ်နေသူတွေထဲမှာ အောက်ခြေ စစ်သားတွေ တင်မကတော့ဘဲ ရာထူးကြီးတဲ့ တပ်မှူးတွေအထိ ပါဝင်လာပါတယ်။
မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံအရ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ် (၁၀) ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၂၀) ခု ရှိပါတယ်။ ခြေမြန်တပ်မဌာနချုပ်ကို ဦးဆောင်သူတွေကို တပ်မမှူးလို့ခေါ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဦးဆောင်သူတွေကို စကခမှူးလို့အတိုကောက် ခေါ်ဆိုပါတယ်။ အဆိုပါတပ်မှူးတွေဟာ ဗိုလ်မှူးချုပ်အဆင့် ရှိသူတွေဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီတပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ အဖွဲ့အစည်းနဲ့ လက်အောက်ငယ်သားတွေအတွက် မစဉ်းစားဘဲ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ စဉ်းစားကြတယ်လို့ CDM ဗိုလ်ကြီးခင်ပပထွန်းက ဧရာဝတီသတင်းဌာနမှာ ပြောကြားထားပါတယ်။
“စစ်တပ်မှာရှိတဲ့ ဒီခေါင်းဆောင်တွေ အကုန်လုံးက ကိုယ်ကျိုးစီးပွားရှာတဲ့ သူတွေချည်းပဲ ဖြစ်တယ်လေ။ ကိုယ်ကျိုးစီးပွားပဲ သူတို့က စဉ်းစားတယ်။ အဖွဲ့အစည်းအတွက် သူတို့က ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ လက်အောက်ငယ်သားတွေအတွက် ဘယ်တော့မှ မစဉ်းစားခဲ့ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်ပဲ ဒီစစ်တပ်က တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာတယ်လို့ ကျမကတော့ မြင်တယ်”
ရာထူးတွေ တိုးမြင့်ပေးတဲ့အခါမှာလည်း အရည်အချင်းထက် အထက်အရာရှိတွေကို ကပ်ဖားနိုင်တဲ့ သူတွေကိုပဲ ဦးစားပေးတဲ့ စစ်တပ်ဖြစ်လာတဲ့အတွက် စစ်တပ်ရဲ့ စံနှုန်းအရည်အချင်းတွေဟာ တစ်ဖြည်းဖြည်းနဲ့ ကျသွားခဲ့တယ်လို့ CDM ဗိုလ်ကြီးခင်ပပထွန်းက ပြောပါတယ်။
အခုလက်ရှိ ၁၀၂၇ စစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်တပ်အရာရှိ ၂ ဦးဟာ စစ်ခေါင်းဆောင်ရဲ့ အကျိုးစီးပွားကိုကာကွယ်ရင်း သေဆုံးသွားပြီဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထိုင်ချ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၂) ရဲ့ ယာယီစကခမှူး အောင်ဇော်လင်းဟာ ဒီဇင်ဘာ ၆ ရက်နေ့က ကိုးကန့်၊ ရှောက်ကိုင်ဒေသမှာ MNDAA အဖွဲ့ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ ပစ်သတ်ခံလိုက်ရတဲ့ စကခမှူးဟာ ဗိုလ်မှူးချုပ်အဆင့် ရှိသူဖြစ်ကြောင်းလည်း ၎င်းရဲ့ရုပ်အလောင်းနဲ့အတူ တွေ့ရတဲ့ရာထူးတံဆိပ်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်ရဲ့ မုံးကိုးတပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်ကလည်း နိုဝင်ဘာ ပထမအပတ်မှာ MNDAA ရဲ့ဒရုန်းလက်ချက်ကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ရှီရှမ်းဒေသအတွင်းမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတွေကို MNDAA က လိုက်လံပစ်ခတ်ရာမှာ သေဆုံးသွားတဲ့ ဆက်သွယ်ရေး တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသူရဲ့ ကိုယ်ပေါ်မှာ ဗိုလ်မှူးချုပ်တံဆိပ်ကို ထပ်မံတွေ့ရှိရကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြခဲ့ပါတယ်။ တပ်ကြပ်ဝတ်စုံနဲ့ သေဆုံးသွားသူဟာ ဗိုလ်မှူးချုပ်အဆင့်ရှိသူလို့ တိတိကျကျအတည် မပြုထားပေမဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦး ထပ်မံသေဆုံးသွားကြောင်း ဖြစ်နိုင်တဲ့ အထောက်အထား တစ်ခုဖြစ်ပါတယ်။
ရှမ်းမြောက်တိုက်ပွဲေတွမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ်အဆင့် ၂ ဦးနဲ့ ဗိုလ်မှူးချုပ်လို့ ယူဆရသူ ၁ ဦးတို့အပြင် MNDAA အဖွဲ့ ကုန်းကြမ်းစခန်းကို ထိုးစစ်မဆင်မီ တစ်ရက်အလိုက အမှတ် (၁၆) စကခမှူး ထွက်ပြေးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
ဒီလိုအပွင့်အခက်အကြီးကြီးနဲ့ ဗိုလ်မှူးချုပ်အဆင့်အရာရှိကြီးတွေအပြင် ဗိုလ်ကြီးအဆင့်၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးစသည့် ရာထူးအဆင့်ဆင့်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိတွေနဲ့ အောက်ခြေစစ်သားတွေဟာ ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြေမှုန်းမှုကို အလူးအလဲခံနေရတာဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင် (၃) ဖွဲ့ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြောင်မြောက်တဲ့ စစ်ဆင်ရေးလှုပ်ရှားမှုေတွကြောင့် တပ်ရင်းလိုက် လက်နက်ချတဲ့ဖြစ်စဉ်တွေလည်းရှိနေပြီး လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း MNDAA အဖွဲ့က လိုက်လံပစ်ခတ်နေတာကို တွေ့မြင်နေရပါတယ်။
CDM ဗိုလ်ကြီးထက်မြတ်ကတော့ အရာရှိပိုင်းတွေ ထွက်ပြေးနေတဲ့ဖြစ်စဉ်၊ လိုက်လံပစ်ခတ်ခံရပြီး သေဆုံးရတဲ့ဖြစ်စဉ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေး ထူးချွန်ပြောင်မြောက်မှုတွေကို ညွှန်ပြနေတာဖြစ်ပြီး စစ်ကောင်စီတွေအနေနဲ့ ဘယ်နေရာမှာပဲနေနေ လုံခြုံမှုမရှိတဲ့အခြေအနေကို ရောက်နေပြီဆိုပြီး မှတ်ချက်ပြုပြောဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ လက်ရှိနောက်ဆုံး အခြေအနေအရ မြောက်ပိုင်းညီနောင် (၃) ဖွဲ့က ရရှိထားတဲ့စခန်းပေါင်း ၂၃၀ ကျော်ရှိလာပြီဖြစ်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မုံးကိုး၊ ကွမ်လုံ စတဲ့ဒေသတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးဖော်ဆောင်နေတဲ့ နိုင်ငံအနှံ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေကြောင့် တပ်စခန်းတွေနဲ့ မြို့တွေကို ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့အပြင် တိုက်ပွဲတွေအတွင်း စတေးလိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်တွေကလည်း စစ်ကောင်စီကို စိုးရွံ့စေတဲ့ အချက်တွေ ဖြစ်နေပါတယ်။
စစ်ကောင်စီ အရာရှိစစ်သည်စစ်သားတွေ ရှေ့တန်းမှာ အသက်ပေးပြီး တိုက်ပွဲဝင်နေတာဟာ စစ်ခေါင်းဆောင်ပိုင်းတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ လုပ်ရပ်သာဖြစ်နေပါတယ်။ လက်ရှိအရာရှိ စစ်သည်စစ်သားတွေဟာ အလံဖြူမထောင်၊ လက်နက်မချဘဲ စစ်ကောင်စီအပေါ် ဆက်လက် သိစ္စာရှိနေမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးလှိုင်းလုံးတွေကြားမှာ ဆက်လက် အသက်ပေးရနိုင်ကြောင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ အရာရှိ စစ်သည်စစ်သားတွေက သက်သေပြနေပါတယ်။