ရွှေပြည်အေးမြို့ကို တော်လှန်ရေတပ်ဖွဲ့များက ဒုတိယအကြိမ် ပြန်လည်သိမ်းယူနိုင်ခဲ့
29 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်ခဲ့ရာ နှစ်ရက်နှင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ေကြာင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေပြည်အေးမြို့ရှိ စစ်ကောင်စီနှင့် SNA တပ်ဖွဲ့တို့ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းကြီး (၃) ခုဖြစ်သည့် မြို့အဝင်ရှိ စစ်တပ်စခန်းကုန်း၊ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်း၊ ရဲစခန်းနှင့် ကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က တစ်ရက်လျှင် ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ပေါင် ၁၀၀ ဗုံးသီးဟုယူဆရသည့် ဗုံသီးလေးလုံးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်း ၅၀ ကျော် သိန်းဆည်းရရှိခဲ့ပြီး စစ်သုံံ့ပန်း ၁၀ ဦးကျော် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းရုံးအဖွဲ့၊ ခန္တီးခရိုင် အမှတ် (၁)၊ (၂) တပ်ရင်းတို့က ဦးဆောင်ပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ပကဖ၊ ပလဖ နှင့် HPDF 124၊ ဗိုလ်မိုးကြိုးအဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်အေးမြို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ပထမဆုံးအကြိမ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီကရေကြောင်း၊ ကုန်းကြောင်းဖြင့် အဆမတန်ထိုးစစ်ဆင်လာသည့်အတွက် ၃ ရက်အကြာတွင် ပြန်လည်လက်လွတ်ခဲ့ရသည့် မြို့ဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့တို့ ဒုတိယအကြိမ်သိမ်းပိုက်နိုင်ခဲ့သည့် ရွှေပြည်အေးမြို့ကို ယမန်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။