လျှပ်စစ်မီး ပြတ်တောက်နေသည့် မော်လူးမြို့ရှိ ပြည်သူများ လုပ်ကိုင်စားသောက်ဖို့ခက်ခဲလာ
29 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့တွင် ရက်သတ္တပတ်ကျော်ကြာ လျှပ်မီးများ ပြတ်တောက်နေသဖြင့် ဒေသခံပြည်သူများ အခတ်တွေ့နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် မော်လူးဒေသရှိ ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူများ၊ ဆန်စက်ပိုင်ရှင်များ၊ စပါးပွဲစားများနှင့် တောင်သူများပါ အခက်တွေ့လျှက်ရှိကြောင်း မော်လူးဒေသခံ အသက် ၄၀ နှစ်အရွယ် ဆန်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။
“တောင်သူတွေက ငွေလိုလို့ရော ခေတ်ကာလ အခြေနေအရရော ရိတ်ပြီးသားစပါးတွေ ထုတ်ရောင်းချင်နေပြီ လျှပ်စစ်မီးပျက်နေတဲ့အတွက် ဝယ်ပြီးသား စပါးတွေတောင် မကြိတ်ရသေးတော့ ကျွန်မတို့လည်း စပါးတွေထပ်မဝယ်နိုင်သေးဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။
ပရိဘောဂ လုင်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့က အရင်ကတော့ လျှပ်စစ်မီးနဲ့ အလုပ်လုပ်တာပေါ့နော် အခုကတော့ မီးပျက်နေတယ်ဆိုတော့ မီးစက်လှည်ပြီးလုပ်ရတယ်၊ ဆီဈေးကလည်း တက်နေတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ တခြားမီးစက်မရှိတဲ့သူတွေဆို အလုပ်တွေကို ဒီတိုင်းပစ်ထားကြရတယ်။”ဟု ဆိုသည်။
နိုဝင်ဘာ ၂၀ ရက်နေ့တွင် နဘားလမ်းဆုံအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့်ပစ်ခတ်ပြီးနောက် ၎င်းနေရာရှိ မော်လူးဒေသသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးအား ထိမှန်ပြီး လျှပ်စစ်မီးပြတ်တောက်သွားခြင်းဖြစ်ကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ပြတ်သွားတဲ့ လျှပ်စစ်ကြိုးကိုက အဲ့နေရာမှာသွားဆက်ရမှာ အဲ့နဘားလမ်းဆုံနားမှာက စစ်ကောင်စီတပ်က ထိုင်နေတော့ သူတို့လည်း သွားမပြင်ရဲကြဘူးလေ”ဟု ၎င်းက ဆိုသည်။
မော်လူးမြို့သည် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲတွင်ပါဝင်ပြီး ကျေးရွာပေါင်း ၄၀ ကျော်တည်ရှိပြီး လူဦးရေမှာစုစုပေါင်း ငါးသောင်းကျော်နေထိုင်သည့် ဒေသဖြစ်ကြောင်း သိရသည်။