အင်းတော်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး၊ နှစ်ဆုံးအပြင်းထန် ဒဏ်ရာရ
![](https://kachinwaves.com/wp-content/uploads/2023/11/398453049_732394945591065_6789956116226328962_n.jpg)
29 November 2023 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မဲဇာရဲစခန်းထဲမှပစ်သည့် လက်နက်ကြီးကျည်နှင့် အင်းတော်စစ်တပ်ကုန်းမှပစ်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ပြည်သူ ၃ ဦးထိခိုက်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာ၂၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မဲဇာရဲစခန်းမှပစ်လိုက်သော လက်နက်ကြီးကျည်မှာ မဲဇာကျေးရွာရှိ ဈေးအနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ၎င်းနေရာရှိ အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်၊ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီး အသက် ၅၀ နှစ်ကျော်အရွယ် ဦးအေးစိုးလည်း ပွန်းပဲ့ဒဏ်ရာရများရရှိခဲ့ကြောင်း မဲဇာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မဲဇာရဲစခန်းထဲကနေ ပစ်လိုက်တဲ့ဟာက မဲဇာဈေးနားလေးကိုကျတာလေ အဲ့နားမှာရှိနေတဲ့ အမျိုးသမီးက ခေါင်းကို ထိသွားတယ်၊ အမျိုးသားကတော့ ပွန်းပဲ့ရုံလောက်လေးပဲ အမျိုးသမီးကတော့ ဆေးကုသနေရင်းပဲ နောက်ရက် မနက်အစောပိုင်းမှာ ဆုံးသွားတယ်။”ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်လည်း အင်းတော်စစ်တပ်ကုန်းမှ ဟောက်ဝှစ်ဇာလက်နက်ကြီးဖြင့် မဲဇာဘက်သို့ ထပ်မံပစ်ခတ်ခဲ့သည့်အတွက် မဲဇာအမှတ် ၄ ရက်ကွက်ရှိ အသက် ၅၉ နှစ်အရွယ် ဒေါ်မြသွေး ဆိုသူမှာ ခြေတောက်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution-IRအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အင်းတော်က ပစ်တဲ့လက်နက်ကြီးကျည်ကျတော့ မဲဇာအမှတ် ၄ ရက်ကွက်ကိုကျလို့ အဲ့ကအမျိုးသမီးတစ်ယောက်ကတော့ ခြေတောက်တစ်ဖက် ဆုံးရှုံးလိုက်ရတယ်။”ဟု ၎င်းက ဆိုသည်။
အင်းတော်မြို့ပေါ်ရှိ တပ်မ ၇၇ လက်အောက်ခံ စစ်ကောက်စီတပ်များနှင့် SNAတပ်များသည် ဟောက်ဝှစ်ဇာလက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မကြာခဏဆိုသလို ရှိနေသည်။